Thursday, November 20, 2014

အမျိုးသားပညာရေးဥပဒေ လှုပ်ရှားမှု အပေါ် စည်သူအောင်မြင်. ၏ အမြင်


Photo from niknayman - niknayman blogspot

 ( ပြီးခဲ့သော ရက်ပိုင်းက အမျိုးသား ပညာရေး ဥပဒေ နှင်. ပတ်သက်၍ ကျောင်းသားတို.၏ လှုပ်ရှားမှုကို ဆောင်းပါးရှင် စည်သူအောင်မြင်. ၏သုံးသပ်တင်ပြထားမှု ဖြစ်ပါသည်- မူရင်းအတိုင်းဖော်ပြပါသည် )

ခုဆို ပြည်သူအများရဲ့ အာရုံစိုက်မှုကို ခံရတဲ့ ရန်ကုန်မြို့က ကျောင်းသားဆန္ဒပြပွဲတွေကို သက်ဆိုင်ရာ ဆန္ဒပြကျောင်းသားတွေကိုယ်တိုင် ခေတ္တ ရပ်ဆိုင်းလိုက်ပါပြီ။ (၄) ရက်တာ ဆန္ဒပြခဲ့တဲ့ ကျောင်းသားတွေဟာ နိုဝင်ဘာ ၁၇ ရက်နေ့ အရောက်မှာတော့ အမျိုးသားပညာရေး ဥပဒေနဲ့ ပါတ်သက်ပြီး သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူတွေ အနေနဲ့ လာမယ့် ရက်ပေါင်း ၆၀ အတွင်း သူတို့နဲ့ လာရောက်ညှိနှိုင်းပါ၊ အဲလို မဟုတ်ဘူးဆိုရင် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ သပိတ်တိုက်ပွဲ ဆင်နွှဲသွားမယ်လို့ ရာဇသံပေးပြီး သပိတ်မှောက်မှု ခေတ္တ ရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်။ ကျောင်းသားတွေ ဘာလို့ သပိတ်မှောက်ကြတာလဲ၊ ဘယ်သူတွေက ထောက်ခံကြသလဲ၊ အစိုးရဘက်က ဘယ်လို တုန့်ပြန်သလဲ၊ ကျောင်းသားတွေအတွက် တကယ့် အရေးအကြီးဆုံးဟာ ဘာလဲ ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

ကျောင်းသားတွေ ဆန္ဒပြရတဲ့ အဓိက အကြောင်းအရင်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နေ့က သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တဲ့ “အမျိုးသားပညာရေး ဥပဒေ” ကို လက်မခံနိုင်ဘူး၊ ဖျက်သိမ်းပေးပါ ဆိုပြီး ဆန္ဒပြကြတာ ဖြစ်ပါတယ်။ ဒါနဲ့ပါတ်သက်ပြီး အတည်ပြုလို့ရတာက ကျောင်းသား တစ်ချို့ရဲ့ အချက်(၆) ချက်ပါ ထုတ်ပြန်ချက်ပါ။ ဒီလိုပြောရတာကလည်း အကြောင်းရှိပါတယ်။ ဆန္ဒပြပွဲကာလ အတွင်း သတင်းမီဒီယာ တစ်ချို့ရဲ့ မေးမြန်းမှုကို ကျောင်းသား ခေါင်းဆောင် တစ်ချို့ ဖြေကြားရာမှာ တစ်ချို့က ဒီ အမျိုးသားပညာရေး ဥပေဒကို ဥပဒေကြမ်းဖြစ်တယ်၊ ဒီ ဥပဒေ ကို အတည်မပြုနိုင်အောင် ဆန္ဒပြရမယ် ဆိုပြီး ပြောဆိုတာတွေ ရှိခဲ့ပါတယ်။ ပြောရရင် တစ်ချို့ကျောင်းသားတွေဟာ ဥပဒေကြမ်းလား၊ လွှတ်တော်မှာဆွေးနွေး၊ သမ္မတဆီ ပို့၊ သမ္မတ ဘက်က မှတ်ချက်နဲ့ ပြန်ပို့၊ လွှတ်တော်မှာ ပြန်ဆွေးနွေးပြီး သမ္မတ ဆီ ပြန်ပို့၊ သမ္မတ က လက်မှတ်ရေးထိုးပြီးမှ ထုတ်ပြန်လိုက်တဲ့ ဥပဒေ ဖြစ်တယ်ဆိုတာကို သိမနေတာပါ။ တစ်ချို့ ကျောင်းသားခေါင်းဆောင်
တွေကတော့ ဆန္ဒပြမှုဟာ လက်ရှိ ပညာရေး ဥပဒေကိုတင်မက ဖွဲ့စည်းပုံပြင်ရေး အပါအ၀င် အခြားသော နိုင်ငံရေးဆိုင်ရာ လိုလားချက်တွေပါ ပါတယ် ဆိုပြီး ပြောဆိုတာမျိုးလည်း ရှိခဲ့ပါတယ်။

Photo by VOA News
ဒီကျောင်းသား ဆန္ဒပြပွဲ ပေါ်ပေါက်လာတဲ့အခါ အတိုက်အခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက စိတ်မသက်မသာ ဖြစ်တဲ့ပုံ မြင်ကြရပါတယ်။ ပါတီတာဝန်ရှိသူတွေ၊ လွှတ်တော် အမတ်တွေက ဆန္ဒပြပွဲကို ချင့်ချင့်ချိန်ချိန် လုပ်သင့်ကြောင်း ထုတ်ဖော်ပြောဆိုကြပါတယ်။ တကယ်လည်း ဒီ အမျိုးသားပညာရေး ဥပဒေ ဆိုတာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အင်န်အယ်လ်ဒီ ပါတီ အမတ်တွေကပါ လွှတ်တော်တွင်း ဆွေးနွေးပြီး အတည်ပြုခဲ့တာ ဖြစ်နေလို့ပါ။ ၈၈ မျိုးဆက် ငြိမ်းပွင့် အဖွဲ့အစည်းကတော့ အကန့်အသတ်နဲ့ ထောက်ခံခဲ့ပါတယ်။ အပြည့်အ၀ ထောက်ခံတာကတော့ အမျိုးသား ပညာရေးဥပဒေ မူကြမ်းဘ၀ ကတည်းက ကန့်ကွက်ခဲ့တဲ့ “ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ နိုင်ငံလုံးဆိုင်ရာ ကွန်ယက် NNER ” နဲ့ ဆက်စပ် အင်န်ဂျီအို တစ်ချို့၊ ၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အဖွဲ့၊ ညီညွတ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ တွေပဲ ရှိခဲ့ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဆန္ဒပြပွဲဟာ လက်ရှိ အတိုက်အခံ နိုင်ငံရေးအသိုင်းအ၀ိုင်းရဲ့ ထိထိရောက်ရောက် ထောက်ခံမှု မရခဲ့ပါဘူး။

အစိုးရ တာဝန်ရှိသူတွေရဲ့ တုန့်ပြန်မှုကတော့ အရင် ဘယ်အချိန်တုန်းကနဲ့မှ မတူ ငြင်သာပါတယ်။ ဆန္ဒပြ ကျောင်းသားတွေကို ပါမောက္ခချုပ် တစ်ချို့နဲ့ ပညာရေးဆိုင်ရာ တာဝန်ရှိသူတစ်ချို့ သွားတွေ့ ဆွေးနွေးပါတယ်။ ဆန္ဒပြမှု အားလုံးနဲ့ ပါတ်သက်ပြီး အရေးယူမှု တစ်စုံတစ်ရာ မလုပ်ပါဘူး။ နိုဝင်ဘာ ၁၈ ရက်နေ့မှာတော့ ကျောင်းသားတစ်ချို့ရဲ့ ထုတ်ပြန်ချက်ပါ အချက် (၆) ချက်နဲ့ ပါတ်သက်ပြီး “ပညာရေး မြှင့်တင်မှု အကောင်အထည် ဖော်ရေးကော်မတီ” ရဲ့ ရှင်းလင်းချက်နဲ့ ပူးပေါင်းဆောင်ရွက်ရေး ဖိတ်ခေါ်ချက်ကို အစိုးရပိုင် သတင်းစာတွေမှာ ဖော်ပြပါတယ်။ အဲဒီမှာ ဖော်ပြထားတာက အမျိုးသားပညာရေး ဥပဒေမှာ ပါတဲ့ “အဆင့်မြင့်ပညာ ပေါင်းစပ် ညှိနှိုင်းရေး ကော်မတီ” ဆိုတာဟာ တက္ကသိုလ်ကောလိပ်တွေကို အုပ်ချုပ်မယ့် အဖွဲ့အစည်း မဟုတ်တဲ့အကြောင်း၊ ဘဏ္ဍာရေးနဲ့ အခြားကိစ္စတွေကို ဆောင်ရွက်မယ့် အဖွဲ့အစည်း ဖြစ်တဲ့အကြောင်း၊
ကျောင်းသားတွေ တောင်းဆိုတဲ့ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းရေး ဆိုတာလည်း ဥပဒေထဲမှာပါပြီး၊ နည်းဥပဒေထဲမှာ ထည့်သွင်းသွားမှာ ဖြစ်ကြောင်း၊ လာမယ့် ဒီဇင်ဘာ ၁ ရက် ကျောင်းဖွင့်ရက် မှာကို စ ပြီး အကောင်အထည် ဖော်နိုင်မယ့်အကြောင်း၊ အခု ဥပဒေကို ပြဌာန်းတာဟာ လွှတ်တော် ဘက်က ဖြစ်တာကြောင့် ကျောင်းသားတွေအနေနဲ့ လွှတ်တော် ကော်မတီတွေနဲ့ တွေ့ချင်တယ် ဆိုရင်လည်း သူတို့အနေနဲ့ ကူညီဆောင်ရွက်ပေးမယ့် အကြောင်း
ဖော်ပြထားပါတယ်။

ဒါ့အပြင် “ပညာရေး မြှင့်တင်မှု အကောင်အထည် ဖော်ရေးကော်မတီ”က ဆက်ပြီး ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေကို ဖော်ပြထားပါတယ်။ ဒီအဆင့်လောက် ဆိုရင် ဆန္ဒပြ ကျောင်းသားခေါင်းဆောင်
တွေအနေနဲ့ ရှေ့ဆက်ပြီး လုပ်စရာတွေ ပေါ်ပေါက်လာပြီဖြစ်ပါတယ်။



Photo by Min Min - Mizzima
ပြောရရင် အရင်စစ်အာဏာရှင် အဆက်ဆက် ဖိနှိပ်မှုကြောင့် မြန်မာနိုင်ငံ ပညာရေးမှာ ဆိုးရွားတဲ့ ပြသနာကြီး (၂) ခု ကြုံခဲ့ရပါတယ်။ အဲဒါကတော့ ပညာရေး အဆင့်အတန်း အလွန်အမင်း နိမ့်ကျခြင်းနဲ့ လွတ်လပ်ခွင့် ဆုံးရှုံးခြင်းပဲ ဖြစ်ပါတယ်။ တိုက်ရိုက် ပညာရေး ပြသနာ နဲ့နိုင်ငံရေးပြသနာလို့
ခေါ်နိုင်ပါတယ်။ ဒီ ပြသနာနှစ်ရပ်နဲ့ ပါတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်တွေ၊
ကျောင်းသားခေါင်းဆောင်တွေနဲ့၊ အတိုက်အခံ နိုင်ငံရေးသမား အများစုဟာ ဒုတိယ နိုင်ငံရေးပြသနာ အပေါ်မှာပဲ အာရုံစိုက်လွန်းခဲ့ကြတာ တွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဆိုရင် ကျောင်းသားတွေ
နိုင်ငံရေး စိတ်ဝင်စားရမယ် ဆိုတာမျိုး ပြောဆိုခဲ့ဖူးပါတယ်။ ဒါပေမယ့် အာဏာရှင်တွေ ဘယ်လောက် ဖိနှိပ်ဖိနှိပ် မဖြစ်ဖြစ်တဲ့နည်းနဲ့ ပညာကို ရအောင်သင်ရမယ်၊ ဘယ်နည်းနဲ့ ဖြစ်ဖြစ် ပညာတတ်ဖြစ်အောင် ကြိုးစားရမယ်၊ ဒီမိုကရေစီ နိုင်ငံအတွက် ပညာတတ်တွေ အဓိက လိုအပ်တယ် ဆိုတာမျိုးပြောဆိုတာ
ကိုတော့ မကြားခဲ့ကြရပါဘူး။ ဒါကြောင့် အခု နောက်ဆုံး ကျောင်းသားဆန္ဒပြပွဲကို လေ့လာကြည့်ရင်
နိုင်ငံရေးကဲတဲ့ လှုပ်ရှားမှု အဖြစ်ပဲ မြင်တွေ့ရမှာဖြစ်ပါတယ်။

ကျောင်းသားတွေအတွက် လွတ်လပ်တဲ့ ကျောင်သားသမဂ္ဂတွေဆိုတာ မကြာခင်ပေါ်ပေါက်လာတော့မှာ
ဖြစ်ပါတယ်။ဒါပေမယ့် ပညာကောင်းကောင်းတတ်တဲ့ ကျောင်းသားထုကြီး ဘယ်တော့ ပေါ်လာမလဲ ဆိုတာကိုတော့ ဘယ်သူမှ အတတ်မပြောနိုင်သေးပါဘူး။
ကျောင်းသားတွေအနေနဲ့ လှုပ်ရှားမှုတိုင်းဟာ ပညာရေး ကို အခြေခံတဲ့ လှုပ်ရှားမှုတွေ အဓိက ဖြစ်သင့်ပါတယ်။ ကျောင်းသားထုကြီး တရပ်လုံး ကောင်းမွန်တဲ့ ပညာသင်ကြားခွင့်ရရေး၊ ပညာတတ်မြောက်ရေးဟာ အဓိကကျ အရေးအကြီးဆုံးလည်း ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။




စည်သူအောင်မြင့်
မဇ္ဈိမ သတင်းစာ၊ ၁၉-၁၁-၁၄။ စာ-၉။

No comments:

Post a Comment