Friday, February 2, 2018

ထိုတစ်ညလွန်သော် - ကိုနန္ဒ(ဝါးခယ်မ)







အလင်းကို အမှောင်ကလု၍ နေ့တာရှည်တစ်ခုလုံးကို ဝါးမြိုနေချိန်ဖြစ်သည်။ ထိုအချိန်၌ မုတ်သုန်လေသည် မိုးစက်သေးသေးလေးများကိုခေါ်ဆောင်လျှက် ရန်ကုန်မြို့အတွင်းသို့ ဆင်မယဉ်သာလေးလှမ်းလာနေသည်။ဆောင်းစရာထီးမပါသော၊ထီးကိုင်ရမှာပျင်းသော ကျွန်တော့်အတွက်မူ ဆင်မယဉ်သာလေးလှမ်းဖို့မဖြစ်နိုင်။ သို့ပါသောကြောင့် ခြေလှမ်းသွက်သွက်လှမ်းကာ မျက်စိထဲအရင်ဦးဆုံးတွေ့သည် လ္ဘက်ရည်ဆိုင်သို့ ဦးတည်လိုက်ရသည်။

ချိန်းထားလျှင်တောင်မှ လွဲဦးမည်ထင်သည်။ မထင်မှတ်ပဲ ငယ်သူငယ်ချင်းတစ်ဦးနှင့် ထိုလ္ဘက်ရည်ဆိုင်ထဲတွင်ပက်ပင်းတိုးပါတော့သည်။

`ဟာ...ကျော်ဇော´`ညီထွဋ်´

တွေ့သည်နှင့် သူ့အမည်၊ကိုယ့်အမည်ကို အပြန်အလှန်ခေါ်ဖြစ်ကြသည်။တစ်ဦးနှင့်တစ်ဦးပြေး၍မဖက်ဖြစ်ကြသော်လည်း ကိုယ်စီညာလက်ဖဝါးနှစ်ခုပူးကပ်လျှက် ဆုပ်ကိုင်မိကြသည်။

ကျော်ဇောနှင့် ကျွန်တော်မတွေ့ဖြစ်သည်မှာ သုံးနှစ်ခန့်ရှိတော့မည်။တစ်မြို့တည်းသားချင်းလည်းဖြစ်၊ ငယ်စဉ်ကျောင်းသားဘဝကတည်းက တစ်ခန်းတည်းအတူတက်ခဲ့ကြသောသူငယ်ချင်းများဖြစ်သည်မို့ ပြောမနာ၊ဆိုမနာဖြင့် ညီအစ်ကိုအရင်းများပမာသံယောဇဉ်ရှိခဲ့ကြသည်။
မိတ်ဟောင်းဆွေဟောင်းများနှင့်ဆုံလျှင် ရှေးဟောင်းနှောင်းဖြစ်များပြောဖြစ်ကြသည့် ဓမ္မတာအတိုင်း သူနှင့်ကျွန်တော်လည်း အတိတ်ကဖြစ်ရပ်တွေကိုပြန်လည်တူးဖော်ဖြစ်သည်။ အများဆုံးပြောဖြစ်သည်က ကျွန်တော်တို့မြို့ကလေးနှင့် သူငယ်ချင်းတစ်ချို့၏ အကြောင်းများပင်ဖြစ်သည်။

ထိုသို့ ကျွန်တော်တို့ပြောနေကြစဉ် ဆိုင်အပြင်ဖက်၌ ကောင်းကင်တစ်ခုလုံးလျှပ်စီးများလက်ကာ မိုးက အိတ်သွန်ဖာမှောက်ရွာလေတော့သည်။ မိုးကသည်းသလို လေပြင်းတိုက်ပုံကလည်း ဘီလူးဆိုင်းတီးသလို ခပ်ကြမ်းကြမ်းရှိလှသည်။ထိုအချိန်၌ပင် ဆိုင်ရှေ့သို့ ကားတစ်စီးထိုးရပ်လာသည်။ထိုကားထဲမှ လူတစ်ယောက်ဆင်းလာကာ ကျွန်တော်နှင့် ကျော်ဇောထိုင်နေသည့် စားပွဲဝိုင်းသို့တန်းတန်းမတ်မတ်ဝင်လာသည်။ပြီးနောက် အိတ်တစ်လုံးကို စားပွဲပေါ်သို့တင်ပြီး ကျော်ဇောရှေ့သို့ ထိုးပေးသည်။

`ပိုက်ဆံစစ်ကြည့်လိုက်ပါဦး´

ကျော်ဇောက သူ့ထံကမ်းပေးလာသည့် ပိုက်ဆံထုတ်ကိုစစ်လိုက်သည်။ငါးထောင်တန်နှင့် တစ်သောင်းတန်ငွေစက္ကူတို့က ဘဏ်ထုတ်များဖြစ်သည့်အတွက် တစ်အုပ်ချင်း သူ ရေတွက်ကာစစ်သည်။ပြီးနောက်...

`အိုကေ...ပြည့်တယ်၊ မင်းဆရာကို ပြောလိုက် ငါ ဒီညတော့ မလာဖြစ်ဘူးလို့၊ နောက်ရက်တော့ လာခဲ့မယ်´

ငွေလာပေးသူက ကျော်ဇောကို ခေါင်းညိတ်ပြပြီးသည်နှင့် သူ၏ကားပေါ်သို့တက်ကာ ပြန်လည်ထွက်ခွာသွားသည်။ကျွန်တော်နှင့် ကျော်ဇောလည်း စီးကရက်ဖွာရင်းစကားဆက်ပြောဖြစ်သည်။ယခုတစ်ကြိမ်စကားပြောရာ၌ သူ၏အကြောင်းကိုကျော်ဇောကပြောသည်။ သူ ရန်ကုန်၌ ကားပွဲစားလုပ်နေကြောင်း၊ သာကေတမြို့နယ်ရှိ ကိုးရပ်ကွက်တွင် နေထိုင်ကြောင်း၊ လွန်ခဲ့သည့်တစ်နှစ်ကျော်က အိမ်ထောင်ကြ၍ ယခု သမီးငယ်တစ်ဦးရရှိပြီဖြစ်ကြောင်းပြောသည်။ ကျွန်တော်လည်း ကျွန်တော့်အကြောင်းကို ကျော်ဇောကိုပြောသည်။

အချိန်လည်း အတော်လင့်၍နေပြီိဖြစ်သောကြောင့် ဖုန်းစကရင်ကို ကျွန်တော်ကြည့်လိုက်သည်။ ညရှစ်နာရီတိတိပင်ထိုးနေပြီ။ အပြင်၌မိုးလည်း တိတ်သွားပြီမို့ လမ်းခွဲကြဖို့ ကျွန်တော်က စကားစလိုက်သည်။

`သူငယ်ချင်းရေ...ပြန်ရအောင်၊ မင်းဖုန်းနံပါတ်လည်း ငါsaveထားလိုက်ပြီပဲ၊ တို့တွေ နောက်မှ တစ်ရက်လောက် ဆုံကြတာပေါ့´
`ဟာ...မပြန်နဲ့ ၊တို့တွေ အေးအေးဆေးဆေးတစ်နေရာမှာ ဒီည စားရင်း၊သောက်ရင်း အချိန်ဖြုန်းရအောင်´

ကျော်ဇောက ထိုသို့ပြောသည်နှင့် ကျွန်တော်က ငြင်းချက်မထုတ်ပဲ သဘောတူလိုက်ခံလိုက်သည်။ကျွန်တော့် အိမ်ကိုလည်း ဒီည ပြန်မအိပ်တော့ကြောင်းနှင့် ကျော်ဇောနှင့်ဆုံနေသည့်အကြောင်း ဖုန်းဆက်ပြောလိုက်သည်။

`မိန်းမရေ...ဒီည မောင်အလုပ်ကိစ္စတစ်ခုကြောင့် အိမ်မပြန်ဖြစ်တော့ဘူး၊ မနက်မှ ပြန်လာခဲ့မယ်´

ကျော်ဇောက သူ့မိန်းမထံဖုန်းဆက်ပြောသည်။ပြောပြီးသည်နှင့် ဖုန်း၏ပါဝါခလုတ်ကိုပိတ်လိုက်သည်။ကျော်ဇော ဖုန်းပိတ်သည်ကိုမြင်တော့ ကျွန်တော်လည်းသူ့နည်းတူပိတ်သည်။

`မင်းက ဖုန်းပိတ်တော့လည်း...ငါလည်းပိတ်ရတာပေါ့´

မည်သူ့ကိုမျှ ဖုန်းဆက်စကားပြောရန် မလိုအပ်တော့သလို၊မည်သူ့ဆီကမှ ကျွန်တော့်ဆီဆက်သွယ်လာမည့် ဖုန်းတို့ကိုလါ်းလက်မခံချင်တော့ပါ။ ယနေ့ညအဖို့ စိတ်လွတ်ကိုယ်လွတ်နေမည်။ ကျော်ဇောနှင့်အတူ ငယ်မူပြန်လျှက် အရာအားလုံးတို့ကိုမေ့ထားလိုက်မည်။
ထို့နောက် လ္ဘက်ရည်ဆိုင်အတွင်းမှထွက်ကာ ကျော်ဇော၏ ကားနှင့် ညတစ်ညကို အတူကျော်ဖြတ်ရန် ခြေလှမ်းစတင်လိုက်တော့သည်။

------------------------------------------

`ချီးယား´

ကျော်ဇောနှင့် ကျွန်တော် ဘီယာခွက်ကိုယ်စီကိုင်၍ ဖန်ခွက်ချင်းတွန်းတိုက်လိုက်သည်။ စားပွဲပေါ်၌ ပြည်ကြီးငါးသုတ်၊ဝက်ချိုချဉ်ကြော်နှင့် အကင်ပေါင်းစုံတို့က ယနေ့ညအဖို့ မြည်း၍ပင်ကုန်မည်မထင်။တစ်ခွက်ကုန်၍ နောက်ထပ်တစ်ခွက်ငှဲ့နေစဉ် ကျော်ဇောက စကားစသည်။

`မင်း မိန်းမ နာရေး ပြီးကတည်းက ငါတို့မဆုံဖြစ်ကြတာ အခုဆို သုံးနှစ်ကျော်ပြီနော်´

ကျော်ဇော ပြောလာသည့် စကားကြောင့်လောကကြီး၏မတည်မြဲခြင်း အနိစ္စတရားကြောင့် ခန္ဓာကြွေသက်ကာ လူ့လောကမှနုတ်ဆက်ထွက်ခွာသွားသည့် ဇနီးသည်ကို တဒင်္ဂလွမ်းဆွတ်သွားရသည်။သူမအားကောင်းကင်က ငွေကြယ်ကလေးများကိုကြည့်ရင်း၊ပင်လယ်ပြာပြာပေါ်ရှိတိမ်စိုင်တို့ကိုကြည့်ရင်းဖြင့် အမည်နာမကို တီးတိုးရွတ်ဆိုလျှက် အကြိမ်များစွာလွမ်းဆွတ်ခဲ့ရဖူးသည်။ထို့အတူ တိုက်ဆိုင်မှုများစွာဖြင့်လည်း ရင်ကွဲမတက်သတိရကာ တိုးတိတ်စွာငိုကြွေးခဲ့ရသည်မှာလည်း အကြိမ်ကြိမ်။ယခုလည်း ဝဲတက်လာသည့်မျက်ရည်တို့ကို ပုတ်ခတ်နေရဆဲ။

`ဆောရီးကွာ၊ မင်း မေ့မေ့ပျောက်ပျောက်ဖြစ်နေလောက်ပြီထင်လို့ ပြောမိတာ´

ကျွန်တော် နာနာကျင်ကျင်ခံစားရမှုကြောင့် အိနြေ္ဒဆယ်မရဖြစ်ကာ မျက်နှာပျက်ယွင်းသွားသည်ကို ကျော်ဇောက သိ၏။ရောင်စုံမီးများက ပါတ်ဝန်းကျင်ကိုလင်းကျင်းစေသော်လည်း ကျွန်တော့်ရင်တွင်း၌အလင်းမဲ့နေသလိုခံစားရသည်။သံယောဇဉ်ကြိုးက တင်းလွန်းသည်မို့လည်း ဇနီးသည်အား ထာဝရတိုင်နှောင်တွယ်ရင်း ချစ်ခြင်းတရားတို့ဖြင့်လွမ်းဆွတ်နေရပေဦးမည်သာ။

`ရပါတယ်၊ ငါ မေ့ဖို့တော့ မကြိုးစားပါဘူး၊ တကယ်ချစ်ခဲ့၊သံယောဇဉ်ထုထည်ကြီးကြီးမားမားထားပြီး မြတ်နိုးခဲ့ရတော့ ဒီတစ်သတ်မေ့လိုရမယ် မထင်ဘူး´
`မင်း...ဘယ်တော့ သဘောင်္ပြန်တက်မလဲ´

ကျော်ဇောက စကားလမ်းကြောင်း လွှဲသည်။ ကားပွဲစားတစ်ယောက်ဆိုတော့လည်း လူတစ်ဖက်သား၏ အရိပ်အကဲကိုသူက ကောင်းစွာနားလည်ပုံရသည်။

`နောက်လ ဒုတိယအပါတ် ပြန်တက်ဖြစ်မယ်´
`ပြန်ထွက်တဲ့နေ့ လေဆိပ်အထိ ငါလိုက်ပို့မယ်လေ´

အချိန်တို့သည် ရထားတစ်စင်းခုတ်မောင်းသလို မြန်ဆန်လှ၏။အတိတ်တုန်းဆီက လည်ပင်းဖက်ကာကျောင်းသွားခဲ့ရသည့် သူငယ်ချင်းကိုပြန်တွေ့တော့လည်း အပူပင်မဲ့ကလေးဘဝကို ပြန်လိုချင်မိသည်။ ကျောင်းပြေးပြီး ထန်းရည်ခိုးသောက်၊ ဧရာဝတီမြစ်ထဲရေဆင်းကူး ၊သီချင်းတွေ အော်ဟစ်ဆိုညည်းရင်း နယ်မြို့ကလေးတစ်ခု၌ ပျော်ခဲ့ရ၊ကြည်နူးစွာ နေထိုင်ဖြတ်သန်းခဲ့ရသည်တို့ကို ပြန်လည်တမ်းတသည်။ကျွန်တော့် အဖေကအစိုးရဝန်ထမ်းမို့ တာဝန်ကြရာနေရာသို့ပြောင်းရွေ့ရသောအခါ ထိုသူငယ်ချင်းများနှင့် ခွဲရပြန်သည်။တွေ့ဆုံကြုံကွဲ လောကဝဲတွင် ပြန်လည်ဆုံဆည်းရပြန်တော့လည်း ရင်ခုန်ကြည်နူးရသည်။

---------------------------------------------------

ဘီယာဆိုင်၌ စားသောက်ပြီးသည်နှင့် ကျွန်တော်တို့နှစ်ဦးသား သီချင်းဆိုကြဖို့ဦးတည်မိသည်။ သီချင်းဆိုကြဖို့သာဦးတည်လိုက်ကြသော်လည်း ကျွန်တော်က မည်သည့်သီချင်းမှ မယ်မယ်ရရ အဖြစ်ရှိစွာမဆိုနိင်။လေပင်ဖြောင့်အောင် မချွန်တက်။ကျော်ဇောကတော့ အသင့်အတင့် ဆိုနိုင်သူ။ သို့သော်...ကိစ္စမရှိ။ စိတ်ပျော်ရွှင်မှုအတွက် သီချင်းဖွင့်၍ က လည်းဖြစ်သည်။
ကျွန်တော်တို့် ရောက်သွားသည့်နေရာသည် ဆရာစံလမ်းအတွင်းမှ KTV တစ်ခုဖြစ်သည်။ ညမီးရောင်မှိန်မှိန်အောက်၌ နုတ်ခမ်းနီမလေးများက အပြုံးတုကို ချိတ်ဆွဲလျှက်အပြေးကလေး ကျွန်တော်တို့ကိုကြိုသည်။

`ကိုကြီး...မလာတာကြာပြီနော်၊ ခတ္တာတို့ကို မေ့သွားတာလား´
`မမေ့ပါဘူးကွာ ဒီရက်ထဲ ကိုကြီး ခရီးထွက်နေရလို့ပါ´

ရောက်သည်နှင့် ကောင်မလေး၏ပြောစကားကြောင့် ကျော်ဇောမျက်နှာကို ကျွန်တော်ကြည့်လိုက်သည်။ သူက ကျွန်တော့်ကို ပြုံးဖြီးဖြီးလုပ်ပြ၏။

`ဒီနေရာက မင်းရဲ့ အိုအေစစ်ပေါ့လေ´
`အဟီး...တစ်ခါတလေပါကွာ၊ အရောင်းအဝယ်ဖြစ်တဲ့အခါ လာဖြစ်တယ်လေ´

ကျော်ဇောနှင့် KTVက ကောင်မလေးတို့၏ ပါတ်သက်ဆက်နွယ်မှုမှာ ရောင်းသူနှင့်ဝယ်သူလို အပေးအယူမျှသည်။လာသမျှ ဧည့်သည်များနှင့် အဆင်ပြေအောင်ပေါင်းသင်းတတ်သည်ကလည်း အနုပညာတစ်မျိုးဖြစ်နိုင်သည်။ ကျွန်တော်တို့ ငယ်စဉ်က အပြောင်အပျက်သီဆိုသော သီချင်းများလို `ပေါက်ဖော်ရင်ခွင်သည်သာ တုတ်ထိုးစားရာနယ်မြေ၊ မုတ်ဆိတ်ပေါတဲ့ကိုကိုမို့ကွယ် ၊ခင်လေး အားကိုးမိပါတယ် တူနယ် တဲ့နယ်´ ဘယ်လိုလူမျိုးဖြစ်ဖြစ်ဧည့်ဝတ်ကျေအောင်တော့ သူတို့အတက်နိုင်ဆုံးကြိုးစားကြမည်သာ။
သီချင်းဆိုမည့် အခန်းတွင်းသို့ ရောက်သည်အထိ သူမတို့က ကျွန်တော်တို့ခါးကိုဖက်၍ခေါ်သည်။ ခရီးဝေးကပြန်လာသည့် ခင်ပွန်းသည်ကို မမောနိင် မပန်းနိုင်ပြုစုပေးမည့် ဟန်မျိုး။

ကျွန်တော့် ခါးကိုလာဖက်သည့် ကောင်မလေးအမည်မှာ ချယ်ရီ... သူမတို့သည် ကမ္ဘာပေါ်ရှိ အလှပန်းကလည်းများ၏ အမည်နာမများအပြင် ဟောလိဝုဒ်မင်းသမီးများ၏အမည်များကိုပင် မူပိုင်ခွင့်ချိုးဖောက်ကာ ပုံတူကူးချထားလေ့ရှိကြသည်။ ဒိုင်ယာနာ၊ ဂျိုလီ တို့အပြင် အင်္ဂလန်ဘောလုံးသမား ဘက်ခမ်း၏ ဇနီးသည် ဗစ်တိုးရီးယားပင်အလွတ်မပေးကြ။ ည၌မွှေးသော ညမွှေးပန်းကလေးများက သူ့အဆင်း၊သူ့ရနံ့ဖြင့် ကြွားကြွားဝင့်ဝင့်တော့ရှိသည်။

KTV အခန်းတွင်း၌ ငါးနာရီဟူသောအချိန်သည် မည်သို့မျှမကြာလိုက်။ အကြောင်းမူကား အာရုံတို့သည် သီချင်းဆိုရသည်ထက် နံဘေးမှ လိပ်ပြာကလေးများ၏ အပြုအစု၌ သာယာမဆုံး၊ မက်မဆုံးဖြစ်နေခြင်းကြောင့်သာ။ကျွန်တော်လည်း မူးဝေ၍ ရေချိန်ကိုက်နေသလို ကျော်ဇောလည်း ရေချိန်ကိုက်နေပြီ။ အသိစိတ်တို့ကမူ လျော့ပါးမသွားကြ။ သို့သော်လည်း ခတ္တာနှင့် ချယ်ရီတို့၏ လည်ဟိုက်နေသည့် ရင်ဘတ်ကြားသို့ ငွေစက္ကူများမည်မျှအထိထိုးထည့်ပေးခဲ့ကြပြီ်ကိုတော့ မသိချေ။ယနေ့ညအဖို့ ကျွန်တော်နှင့်ကျော်ဇော ဤဘုံဗိမာန်၌ ဂိတ်ဆုံးလိုက်ကြသည်။

KTVမှထွက်သည်နှင့် မိုးဖွဲလေးများက ကျွန်တော်တို့ကို အသင့်ကြိုနေသည်။ဝိတ်တာကောင်လေးက ကားအနားသို့ရောက်သည်အထိ ထီးဆောင်းကာလိုက်ပို့ပေးသည်။မိုးမလင်းသေးသော်လည်း ရောင်နီဦးကကြိုလင့်၍နေပြီ။

ကျော်ဇောက ဆရာစံလမ်းအတွင်းမှ သူ၏အိမ်သို့ ကားကိုဦးတည်မောင်းသည်။တစ်ညလုံးသောက်ထားသည့်အရှိန်၊မအိပ်သောအရှိန်ကြောင့် ကျွန်တော်၏ဦးခေါင်းတို့က ကောင်းစွာကြည်လင်လျှက်မရှိပဲ ကိုက်ခဲနေသည်။သို့ကလိုကြောင့် မျက်ဝန်းများကိုမှေးမှိတ်လျှက် ကားပေါ်တွင်ငြိမ်သတ်စွာထိုင်နေမိတော့သည်။

---------------------------------------------------------

ခြံတံကားဖွင့်ပေးရန်အပြေးလာသူ အမျိုးသမီးက အူယားဖားယားနိုင်လွန်းသည်ဟုထင်သည်။ စိုးရိမ်ပူပန်မှုကြောင့် သိသိသာသာပျက်ယွင်းနေသည့်မျက်နှာမှာ ကျွန်တော့်အဖို့ရင်ထိတ်စရာပင်။

`ဆရာ...အိမ်မှာ မမလေးတို့မရှိကြဘူး၊ ဆရာ့သမီး အိမ်အပေါ်ထပ်လှေကားက ပြုတ်ကျလို့ ညတွင်းချင်း ဆေးရုံကိုသွားကြပြီ´
`ဘာ... ငါ့ သမီးလေးဘာဖြစ်သွားလဲ´
` ဒါဏ်ရာက ပြင်းတယ် ဆရာ၊ ဖြစ်ဖြစ်ချင်း ဆရာ့ဆီဖုန်းဆက်ကြပါသေးတယ်၊ ဆရာ့ဖုန်းစက်ပိတ်ထားလို့ အဆက်အသွယ်မရဘူး ပြောတယ်´

ထိုအမျိုးသမီး၏ တရပ်စပ်ပြောလာသည့် စကားလုံးတို့က ကျွန်တော်နှင့်ကျော်ဇော၏ နှလုံးအိမ်တို့၌် ယမ်းအားပြင်းထန်သည့် ဗုံးတစ်လုံးပေါက်ကွဲသွားသလိုပင်။

`အခု...ဘယ်ဆေးရုံမှာတဲ့လဲ´
`အာရှတော်ဝင်ဆေးရုံမှာလို့ မမလေးပြောပါတယ်´

ကျွန်တော်တို့ ခြံရှေ့မှပင် ကားကိုပြန်လှည့်ကာ ဆေးရုံသို့ အပြေးနှင်ရတော့သည်။ ယခုတစ်ကြိမ်၌ ကားမောင်းသူက ကျွန်တော်ကိုယ်တိုင် ဖြစ်သည်။

ကျော်ဇောက တုန်ရင်နေသောလက်များဖြင့် ဖုန်းပါဝါခလုတ်ကိုနှိပ်သည်။စီးကျနေသည့် မျက်ရည်တို့ကို သုတ်ဖယ်ခြင်းမပြုပဲ ဖုန်းနံပါတ်တစ်ချို့ကိုသူနှိပ်ပြန်သည်။ထို့နောက် တဆတ်ဆတ်တုန်ယင်နေသော နုတ်ခမ်းသားနှစ်ခုဖြင့် ....

`မောင်...အခု ဆေးရုံကို လာနေပြီ´

ကိုနန္ဒ(ဝါးခယ်မ)

No comments:

Post a Comment