Thursday, September 21, 2017

မွှေးတို့ရဲ့မြို့ - ငွေယံဦး







ခွေးပေါက်စတွေ စုပြုံနို့စို့သလို ဆိပ်ကမ်းမှာ
လှေတွေ ပဲ့ထောင်တွေရယ်
ကူဘိုတာစက်တွေက နေ့နေ့ညညမြစ်ကို တဖူးဖူးမှုတ်တယ်
ဝါးခယ်မကိုရောက်မှဖြစ်မယ်ပြောတဲ့
သရွတ်သွတ်ချောင်းကလေးရယ်
သူတို့အရက်နဲ့မြည်းဖို့ လမုသီးလေးကျောပိုးလာတဲ့
ငါးတန်ချောင်းလေးရယ်
မြစ်နားကမ်းနားရောက်လို့
သူ့လမ်းထွင်ရာအတိုင်း ဟိုကဒီက
လက်ကားလှေ သမ္ဗာန်တွေခေါ်ကာ
မြစ်ကြောင်းအတိုင်း လေဘယ်လိုပဲဖြတ်သွားဖြတ်သွား
သူ့ဘိုကေဖြောင့်စင်းအောင် အုန်းလက်တွေကဖြီးတယ်။
သူ့ဝန်းကျင်မှာ ခြေတစ်ဖက်ရေထဲဆင်းထိုင်နေတဲ့ အိမ်တွေနဲ့
မြို့ကလေးဟာ မြို့ဘက်ရယ် ရွာသစ်ရယ် ညောင်ဝိုင်းရယ်
သူ့ကိုယ်သူ ဝေစုသုံးစုခွဲ
ညဘက်ဆို ညောင်ဝိုင်းပါးတစ်ခြမ်း မဲလေတယ်။
ဒီအတက်အဆင်းအတိုင်းကတဲ့ အငြိမ့်သမ မဗေဒါရဲ့ဇာတ်ပွဲ
ဟိုဘက်ကမွှေးတို့အိမ် ဒီဘက်ကသော်ကဘုရား
ခု ကုက္ကိုလ်ပင်လှိုင်ခေါင်းလေး ပြိုပျက်သွားပြီ
နေကျဲကျဲထဲက မြေတစ်ဝက် အုပ်တစ်ဝက် လက်ဆင့်ကမ်း
မွှေးရေစဉ်းစားသာကြည့်စမ်းတော့
မင်းတို့ထိုင်ခဲ့တဲ့နေရာ အရိပ်မရှိ
ကျွဲနွားခြေရာတွေက လမ်းခင်းတယ်။
ဓမ္မဝါဒီ ပန်းချီကားလေးရေ
မင်းခေါင်းပေါ်က ဆစ်ထုထားတဲ့ စုတ်ချက်ကောက်ကောက်မှာ
ကမ်းပေါ်တက်မောင်းလှဲအိပ်နေတဲ့
ဂီလာနလှေအိုရဲ့ငြီးသံ
ငါကြားတယ်။
ဒီအတက်ကို စောင့်နေမြဲ အချိန်မှန်မှန်ရွာတတ်သူ
တိမ်ညိုတွေမဲလာတော့
မဆီမဆိုင် ပြည်ဘက်က နှစ်ထပ်သင်္ဘောတစ်စီး
(ရေပေါ်မှာပျော်တော့မှာဆိုတဲ့ သူ့ကဗျာဥဒကကိုရွတ်ရင်း)
ညောင်ဝိုင်းထိပ် အရက်ချက်စက်ရုံမှာဆိုက်ပေါ့။
ကောင်းကင်မှာ လေကလေးဝင်းပပ
လှိုင်းတွန့်ပေါ် ခြေဖော့ဖြာဆင်း
မဗေဒါအငြိမ့်ပွဲ ကြယ်တဖွေးဖွေးလှုပ်အားပေးရှာတယ်။
မနက်ခင်းလင်းချိန်
ချောင်းကလေး ဗိုက်ပုတ်ပုတ်ပြီး မျင်နှာသစ် ရေချိး
ရေကြည်ဖြည့်
လူတန်းစားအနိမ့်အမြင့် လှေကားမရှိ
ငါသိတဲ့ အမှန်တရားတေးသံက အဲဒါပါ။ ။


ငွေယံဦး

No comments:

Post a Comment