၁၀၂ ကြိမ်မြောက် ရေသပ္ပါယ်ပွဲ |
ပြန်တွက်စစ်တော့ နှစ်ပေါင်း၄၈နှစ်တိတိကြာခဲ့ပါပြီ။
ဟိုးအရင်နှစ်ပေါင်းများစွာကစပြီး ဝါးခယ်မမြို့မှာသင်္ကြန်ပွဲတော်ရဲ့နောက်ဆုံးနေ့ဖြစ်တဲ့သင်္ကြန်အတက်နေ့တိုင်းမှာ အာရုံခံဝတ်အသင်းကြီးကကြီးမှူးပြီး နံနက်၁၀နာရီလောက်ကစပြီး သကျမဟာသိရီဘုရားကြီးကိုမြို့လုံးကျွတ်ရေသပ္ပါယ်တဲ့ပွဲကိုကျင်းပလာခဲ့ပါတယ်၊။
ကန္နားလမ်းလွတ်လပ်ရေးကျောက်တိုင်ရှေ့မှာမီးသတ်တပ်ဖွဲ့က ရေစည်ကြီးတွေချ မြစ်ထဲကရေကိုပိုက်တွေနဲ့စုတ်ဖြည့်ပေးပြီး မြို့သူမြို့သား လူကြီးလူငယ်အိုအိုပျိုပျိုမရွေး ရေပုံးရေထမ်းခေါင်းရွက်အိုးတွေကိုယ်စီနဲ့ ဘုရားကြီးလမ်းတလျှောက်သယ်ယူပြီး ဘုရားကြီးကိုရေသပ္ပါယ်ခဲ့ကြပြီး လမ်းတလျှောက်မှာရေကစားကြတဲ့ အစဉ်အလာဟာခုထိ စွဲစွဲမြဲမြဲဆင်နွှဲလာခဲ့ကြတာ ရွှေခယ်မြို့ရဲ့ချစ်စရာကြည်နူးစရာပွဲတော်တခုပါ၊ ဒီနေ့မှာ အနယ်နယ်အရပ်ရပ်ကိုရောက်နေကြတဲ့ဝါးခယ်မသူ/သားများကလည်း ရည်ရွယ်ချက်ရှိရှိပြန်လာကြပြီးပါဝင်ဆင်နွှဲလေ့ရှိကြတဲ့အထိ သြဇာကြီးမားတဲ့ပွဲတော်တခုဖြစ်နေခဲ့ပါပြီ။
၁၉၆၉ခုနှစ်မှာတော့ ထူးခြားမှုတခုဖြစ်လာပါတယ်။
အာရုံခံဝတ်အသင်းက ဘုရားကြီးရေသပ္ပါယ်ပွဲမှာ ရေကစားကြတာကြောင့်အမျိုးသမီးများလုံချည်ရေစိုနဲ့ဘုရားကြီးနတ်လမ်းထဲဝင်တာဟာ မသင့်တော်ဘူး၊ သြဝါဒါစရိယဆရာတော်များကလည်းမနှစ်မြို့ကြဘူး၊ ဒါကြောင့် ဘုရားကြီးရေသပ္ပါယ်ပွဲကို သင်္ကြန်အပြီးနှစ်ဆန်း(၁)ရက်နေ့ကြမှကျင်းပမယ်လို့အသံချဲ့စက်နဲ့လှည့်လည်ကြေညာပါတယ်။
မြို့လူထု(အထူးသဖြင့်)လူငယ်တွေက မကျေနပ်ကြဘူး၊ တကယ်တော့ ရေသပ္ပါယ်ပွဲမှာ ပျော်ပျော်ပါးပါးရေကစားကြတာဟာ ဝါးခယ်မမြို့ရဲ့ဂန္တ၀င်ယဉ်ကျေးမှုတရပ်ဖြစ်နေခဲ့ပါပြီ၊ ကတ္တရာခင်းထားတဲ့လမ်းမကြီးဟာလည်း ရေကစားကြမှ ရေတွေနဲ့စိုရွှဲနေမှ ဘိနပ်မစီးဘဲပါဝင်ဆင်နွှဲကြသူတွေဟာလည်း အပူဒဏ်ကိုခံနှိုင်ပြီး ပျော်ပျော်ပါးပါးဆင်နွှဲနှိုင်ကြမှာပါ။
ဒါ့ကြောင့်၁၉၆၈ခုနှစ်၁၀တန်းအောင်ပြီးတက္ကသိုလ်ပထမနှစ်တက်ရောက်နေတဲ့(သင်္ကြန်ပိတ်ရက်ဟာ၁၉၆၉နှစ်ဧပြီလပါ)ကျောင်းသူ/ကျောင်းသားများစုပေါင်းပြီး မုန့်လုံးရေပေါ်ကျွေးဘို့ စတုဒိသာမဏ္ဌပ်ထိုးနေတုန်း ဒီကြေညာချက်ကို အမျိုးမျိုးဝေဖန်ဆွေးနွေးပြီး ကျွန်တော်ကိုယ်တိုင်ဦးဆောင်တဲ့ကျောင်းသားအဖွဲ့ဟာ ဘုရားကြီးထဲမှာရှိတဲ့ အာရုံခံဝတ်ဝတ်အသင်းဆီ ချီတက်ပြီး ဥက္ကဌဦးအေးမောင်နဲ့အကြေအလည်ဆွေးနွေးကြပါတော့တယ်၊ ရေကစားတာကိုခွင့်ပြုသင့်ကြောင်း အထက်မှာဖော်ပြခဲ့တဲ့အတိုင်း ကျိးကြောင်းဆီလျော်စွာရှင်းပြခွင့်တောင်းပေမဲ့ ခွင့်မပြုနှိုင်ကြောင်းသာ အဖြေရခဲ့ပါတယ်၊ အခြေအနေကတော့ လိပ်ခဲတင်းလျဉ်းပါပဲ။
နှစ်ဆန်း(၁)ရက်နေ့ရောက်ပါပြီ။
နံနက်(၉)နာရီလောက်ကတည်းက အာရုံခံဝတ်အသင်းဥက္ကဌဦးအေးမောင်ဟာ နောက်လိုက်နောက်ပါတစုခြံရံပြီး ဘုရားကြီးလမ်းတလျှောက်ဆိုက္ကားပေါ်အသံချဲ့စက်တင်ပြီး စုံချည်ဆန်ချည်ပဲ"မဟာသင်္ကြန်ဟာ မနေ့ကအတက်နေ့ဘယ်အချိန်မှာ ကုန်ဆုံးပြီဖြစ်လို့ ရေကစားခွင့်မပြုနှိုင်ကြောင်း" လူးလားခေါက်တုံကြေညာနေပါတော့တယ်။
နံနက်(၁၀)နာရီမှာ ရေသပ္ပါယ်ပွဲစပါပြီ။
ရေသယ်တဲ့အမျိုးသမီး အမျိုးသားတွေဟာ ဘိနပ်မပါ ပေူထဲ ကတ္တရာလမ်းပူပူကြီးပေါ်မှာ ကသိကအောက်သယ်ယူပြီးရေသပ္ပါယ်နေကြရတာကို စိတ်မချမ်းသာစွာ တွေ့နေကြရပါတယ်၊ တချို့ကလည်းဘုရားကြီးလမ်းတလျှောက် သွေးတိုးစမ်းပြီး စတိသဘောရေပက်ကြည့်ပါတယ်၊ အပက်ခံသူများကလည်း အပူသက်သာလို့ကျေနပ်ကြပါတယ်။
တချို့ကလည်းကျွန်တော့်တို့ကျောင်းသားတွေရဲ့အရိပ်အခြေကိုအကဲခတ်လို့ပေါ့။
အဲဒီအချိန်မှာ ဦးလေးဦးအေးမောင်ကလည်း အသံချဲ့စက်နဲ့ဒေါသတကြီးအော်နေတုန်းပါပဲ၊ အဲဒီအသံချဲ့စက် စတုဒိသာမဏ္ဌပ်ရှေ့အရောက်မှာ မထင်မှတ်ဘဲ ကျောင်းသားတယောက်က ရေဖလားနဲ့ဦးအေးမောင်ဆီလျှောက်သွားပြီး"ဦးလေး ကန်တော့ကန်တော့"ဆိုပြီး ဦးအေးမောင်ကိုရေလောင်းချလိုက်ပါတော့တယ်။(ခေါင်ဖြိုတဲ့သဘောပေါ့)
"ဟေး"ဆိုတဲ့အသံကြီး ပြိုင်တူပေါ်လာပြီး သြဘာလက်ခုပ်တီးကြ ကကြာတာ ပွဲစည်သွားပါတော့တယ်။
အဲဒီမှာတွင် အသံပျာက်ပြီး ဦးအေးမောင်တို့ အဖွဲ့လိုက်ပျောက်သွားပါတော့တယ်။
အားလုံးလည်း ပျော်ရွှင်စွာရေကစားလိုက်ကြတာ တလမ်းလုံးဝက်ဝက်ကွဲစည်ကားသွားပါတော့တယ်။
အဲဒီနှစ်ကစပြီး ဝါးခယ်မသင်္ကြန်ဟာ နှစ်စဉ်နှစ်ဆန်း(၁)ရက်နေ့အထိ တရက်တိုးပြီး ကျင်းပလာခဲ့တာ ယနေ့အထိပါပဲ။
သမိုင်းကြောင်းမသိလိုက်တဲ့လူကြီးပိုင်းနဲ့မသိမှီလိုက်တဲ့ဒီနေ့ခေတ်လူငယ်တွေ သိကြရအောင် တင်ပြလိုက်ခြင်းဖြစ်
ပါတယ်။
ဝါးခယ်မကိုလွမ်းရတမ်းတလျက်-
မြင့်သန်းဦး(ဝါးခယ်မ)
No comments:
Post a Comment