Showing posts with label အင်တာဗျုးများ. Show all posts
Showing posts with label အင်တာဗျုးများ. Show all posts

Saturday, June 24, 2017

ပျက်ကျ Y8 လေယာဉ် ရှာဖွေရေး ရေငုပ်သမား ကိုသန်.ဇင်ဦး နှင့် အင်တာဗျုး နှင့် ကွယ်လွန်သွားသူ ကိုစောနောင်

Y-8 လေယာဉ်ဆယ်ယူရာတွင်ပါဝင်ကူညီခဲ့သော အရပ်ဘက်ရေငုပ်သမား ကိုသန့်ဇင်ဦးနှင့် တာဝန်ရှိသူတို့ ၏စကားသံများ


၂၀၁၇ ခုနှစ် ဇွန် ၇ ရက်တွင်ပျက်ကျခဲ့သည့် တပ်မတော်သယ်ယူပို့ဆောင်ရေးလေယာဉ်(Y-8)၏ အစိတ် အပိုင်းများဆယ်ယူရာတွင် ပါဝင်ကူညီဆောင်ရွက်ခဲ့သော အရပ်ဘက်ရေငုပ်အဖွဲ့မှ ရေငုပ်သမားနှစ်ဦး၏ ဆောင်ရွက်ချက်များနှင့် ဆေးကုသပေးမှုအပေါ် ရေငုပ်သမားကိုသန့်ဇင်ဦးနှင့် တာဝန်ရှိသူတို့၏ စကားသံများကို ဖော်ပြလိုက်ပါသည်-

သန့်ဇင်ဦး(ရေငုပ်သမား)


Y-8 လေယာဉ်အမြီးပိုင်းကို ရေထဲမှစမ်းသပ်ရရှိပြီးတဲ့နောက်မှာ ကျွန်တော်နဲ့ကိုစောနောင်က အရင်ဆုံးဆင်းပါတယ်။ ရေထဲမှာ ကြိုးတစ်ချောင်းထောက်ပြီးပြန်တက်လာတယ်။ နောက်တစ်ခါလေအိတ် နှစ်လုံးထိုးပေးရမယ့်နေရာကို နောက်တစ်ဆိုင်းဖြစ်တဲ့ ကိုသောင်းနဲ့ကတုံးတို့က ထပ်ဆင်းပြီး လေယာဉ်တောင်ပံနှစ်ခုကို ကြိုးချည်ပြီးပြန်တက်လာတယ်။ အနက်ပေ ၁၂၀ ကျော်လောက်မှာ လုပ်ရတာဖြစ်ပြီး ပထမတစ်ကြိမ်က နာရီဝက်ကျော်လောက်တော့ကြာတယ်။ ကတုံးတို့ပြန်တက်လာပြီး လေအိတ်တွေချမယ်ဆိုတော့ ကျွန်တော်တို့ ဒုတိယအကြိမ်ပြန်ဆင်းပါတယ်။ သင်္ဘောပေါ်ကနေကြိုး ချည်ပေးဦးဆိုတော့ ကျွန်တော်တို့ရေငုပ်ပြီး Black box ကိုသွားရှာတာမတွေ့ဘူး။ ဒါနဲ့ရေထဲ ကနေပြန်တက်လာခဲ့တယ်။ တောင်ပံနှစ်ဖက်ကို ကြိုးတစ်ချောင်းစီချည်ပြီးလေအိတ်ကို တစ်လုံးပြီး တစ်လုံးဆွဲရတယ်။ ကိုစောနောင်ကလည်း တစ်လုံးဆွဲချတယ်။ နောက်တစ်လုံးဆွဲချတဲ့အချိန်မှာ နည်းနည်း ကြာသွားတယ်။ လေအိတ်ကြီးကို ရေထဲယူပြီးတော့ လေယာဉ်တောင်ပံနှစ်ဖက်မှာချည်ပြီး ရေထဲကပြန်တက်လာခဲ့ပါတယ်။

ကျွန်တော်တို့နှစ်ယောက်သင်္ဘောပေါ်ရောက်တော့ ကိုစောနောင်က အင်္ကျီတောင်ချွတ်လိုက်သေးတယ်။ ထမင်းစားမယ်ဆိုပြီး ဗိုက်ဆာလို့ထမင်းခူးနေတုန်း ကျွန်တော့်နောက်က ကိုစောနောင်ပစ်လဲသွားတယ်။ အဲဒီအချိန်မှာ ကျွန်တော်လည်းခြေထောက်နဲ့ လက်ထောက်လို့ မရတော့ပါဘူး။ ခန္ဓာကိုယ်ကကိုက်ခဲလာတယ်။ အဲဒီအခါ သင်္ဘောပေါ်ကလူတွေရောက်လာပြီး နှိပ်နယ်ပေးတော့ လည်းမခံနိုင်ဘူးဖြစ်နေတယ်။ ဒါကိုဒေသခံတွေကရေနာမိတာလို့ပြောပါတယ်။ အဲဒီအတွက် ကျွန်တော်တို့နှစ်ဦးကို ပေ ၆၀ ရေအနက်လောက်မှာ ရေငုပ်သမားအချို့က၀န်းရံပြီး ရေထဲပြန် ဆင်းကြတယ်။ အဲဒီမှာကိုစောနောင်က မျက်စိဖွင့်ကြည့်ပြီး သတိပြန်ရလာတယ်။ လက်တွေ လှုပ်ရှားလာတယ်။ သတိပြန်လည်လာတော့ အပေါ်ကိုခေါ်တင်တဲ့အခါ လှေပေါ်ကို ရောက်တော့သတိမေ့သွားရော၊ ဒါနဲ့နောက်တစ်ခါ ရေထဲကိုပြန်ဆင်းတယ်။ သတိပြန်ရလာပြီး မျက်လုံးတွေဖွင့်ကြည့်တယ်။ လက်လှုပ်ပြတယ်။ ဒါနဲ့အပေါ်ပြန်တက်တဲ့အခါမှာ သတိလစ်နေပြန်ရော၊ ခုနစ်ကြိမ်လောက်အတက်အဆင်းလုပ်တယ်။ လှေပေါ်ရောက်ရင် သတိပြန်မေ့တယ်။ အခြေအနေ မကောင်းတော့ဘူးဆိုပြီး ထားဝယ်ဆေးရုံမှာဆေးကုသမှုခံယူခဲ့ပါတယ်။ ကိုစောနောင်က အသက် ၄၅ နှစ်လောက်ရှိပြီးရေငုပ်သက် နှစ် ၂၀ ကျော်နေပါပြီ။

ဒီဖြစ်စဉ်က ရေစီးကြောင်းနှစ်ကြောင်းကြားထဲ ရောက်သွားတယ်လို့ပြောတယ်။ ကျွန်တော်ကတော့ ပထမတစ်ကြိမ်ရေထဲဆင်းပြီးကတည်းက သတိပြန်ရလာပြီး အခြေအနေကောင်းလာပါတယ်။ ဒီအပေါ်မှာ တပ်မတော်(ရေ)အဖွဲ့တွေကလည်း အားလုံး ပြည့်ပြည့်စုံစုံလုပ်ပေးပါတယ်။
ကျွန်တော်တို့ ရှာနေတဲ့ Y-8 လေယာဉ်ရဲ့ Black box တွေ့ရင် လေယာဉ်ဘာကြောင့် ပျက်ကျသွားတယ်ဆိုတာသိရမယ်။ သူများနိုင်ငံတွေမှာ လေယာဉ်ပျက်ကျတာ ဘာအစိတ်အပိုင်းမှ ရှာမတွေ့ဘူးလေ။ ဒါကိုကျွန်တော်တို့ အနေနဲ့ကြိုးစားပြီး ရှာဖွေခဲ့ပါတယ်။ ဒီအပေါ်မှာ လုပ်ဖော် ကိုင်ဖက်တစ်ဦး၊ ရဲဘော်ရဲဘက်တစ်ဦး ကျဆုံးသွားတဲ့အတွက်အရမ်းကိုဝမ်းနည်းရပါတယ်။ ကျွန်တော့်ရဲ့ကျန်းမာရေးအခြေအနေကတော့ အခုအခါမှာအားလုံးကောင်းနေပါပြီဟုပြောသည်။


ဗိုလ်ကြီးရာဇာဝင်း(ဌာနချုပ်ဆေးမှူး၊ မောရ၀တီရေတပ်စခန်းဌာနချုပ်)
ရေငုပ်သမားနှစ်ဦးက ဖြစ်စဉ်ဖြစ်တဲ့ ဇွန် ၁၇ ရက် မွန်းလွဲ ၁၂ နာရီခွဲလောက်မှာ ပေ ၁၂၀ ကျော်လောက်ရေငုပ်ပါတယ်။ ရေအောက်ကြမ်းပြင်မှာ အလုပ်လုပ်ချိန်က နာရီဝက်လောက်ကြာပါတယ်။ ရေငုပ်ခြင်းကနေပြန်တက်လာတဲ့အခါ ပုံမှန်အားဖြင့်လိုအပ်တဲ့ ရေအနက်ပေ တစ်နေရာမှာနားရပါမယ်။ ပြီးမှ အပေါ်ကို တဖြည်းဖြည်းချင်းတက်ရပါမယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်ကရပ်နားခြင်းမရှိဘဲ ပြန်တက်လာပါတယ်။ ပြန်တက်လာလာချင်း မိနစ်ပိုင်းအတွင်းမှာပဲ သတိလစ်မေ့မြောသွားပါတယ်။ အဲ့လို ရုတ်တရက်မေ့မြောသွားတာကြောင့် ရေငုပ်အဖွဲ့ခေါင်းဆောင်နဲ့ ဒေသခံရေငုပ်သမားတွေက ရေအောက် အနက် ပေ ၆၀ သို့ပြန်ချပြီး ဖိအားလျှော့ချခြင်းများလုပ်ဆောင်ပြီး သတိရအောင်ဆောင်ရွက်ပါတယ်။ ရေပေါ်သို့ ပြန်ပေါ်လာချိန်မှာလူနာနှစ်ဦးအနက်မှ ကိုသန့်ဇင်ဦးက သတိပြန်ရလာပြီး ကိုစောနောင်ကတော့ သတိပြန်ရလာခြင်းမရှိပါဘူး။ ဒါကြောင့်ကိုစောနောင်ကို နောက်ထပ်တစ်ကြိမ်ရေအောက်သို့ ပြန်လည်ခေါ်ဆောင်ပြီးဖိအားလျှော့ချခြင်းများ ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ ကိုစောနောင် ကပြန်လည်သတိရလာခြင်းမရှိတဲ့အတွက်နီးစပ်ရာဆေးမှူးဆရာဝန်တွေကို အကူအညီတောင်းပြီး ဆေးကုသမှုခံယူပါတယ်။ အဲဒီအချိန်မှာ တာဝန်ကျဆရာဝန်တစ်ဦးရောက်လာပြီး လူနာကို စမ်းသပ်စစ်ဆေးမှုပြုလုပ်ပါတယ်။ စမ်းသပ်စစ်ဆေးချက်များအရဆေးရုံပို့ဖို့လိုအပ်လာတဲ့အတွက် လူနာနှစ်ဦးစလုံးကို ညောပြင်ဆိပ်ကမ်းမှတစ်ဆင့် ထားဝယ်မြို့ရှိ တပ်မတော်ဆေးရုံ ခုတင်-၁၀၀ ကိုပို့ဆောင်ပေးပါတယ်။ ဆေးရုံကလိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှုနဲ့ ကုသမှုတွေပြုလုပ်ပြီးတဲ့နောက်မှာ မင်္ဂလာဒုံဆေးရုံကြီး ခုတင်-၁၀၀၀ ကို ဇွန် ၁၈ ရက် နံနက် ၉ နာရီ ၃၅ မိနစ်မှာရောက်ရှိခဲ့ပါတယ်။ ကျွန်တော်တို့ မော်တော်ယာဉ်နဲ့ သယ်ဆောင်ရတဲ့အကြောင်းရင်းက ရေငုပ်ခြင်းကြောင့် ရောဂါဖြစ်တဲ့ အတွက် လေယာဉ်နဲ့ သယ်ဆောင်လို့မရပါဘူး။ လေယာဉ်နဲ့သယ်မယ်ဆိုရင် လေဖိအားလျော့တဲ့အပြင် တစ်နေရာကနေတစ်နေရာ သယ်ဆောင်မယ်ဆိုရင်လူနာတွေအတွက် အန္တရာယ်ပိုရှိပါတယ်။အဲဒါကြောင့် မော်တော်ယာဉ်နဲ့သယ်ဆောင်ခြင်းဖြစ်ပါတယ်။ မင်္ဂလာဒုံတပ်မတော်ဆေးရုံကြီးကိုရောက်ရှိတဲ့အခါမှာ ကိုစောနောင်နဲ့ကိုသန့်ဇင်ဦးတို့နှစ်ဦးစလုံးကို လိုအပ်တဲ့စမ်းသပ်စစ်ဆေးမှုတွေပြုလုပ်ပါတယ်။ ဒါ့အပြင် လိုအပ်တဲ့ကုသမှုတွေပေးဖို့အတွက် ပြင်ဆင်ပါတယ်။ စီစဉ်ပေးတဲ့အခါ ကိုသန့်ဇင်ဦးကို လေဖိအားသုံးအိမ် Hyperbaric Chamber နဲ့ကုသနိုင်တဲ့အနေအထားရှိတဲ့အတွက်ကြောင့် ကုသပေးဖို့စီစဉ်ပါတယ်။ ကိုသန့်ဇင်ဦးကို ဇွန် ၁၉ ရက်မှာတစ်ကြိမ်၊ ၂၀ ရက်မှာတစ်ကြိမ်၊ ၂၁ ရက်မှာတစ်ကြိမ် စုစုပေါင်းသုံးကြိမ် လေဖိအားသုံး Chamber နဲ့ကုသပေးပါတယ်။ ကိုသန့်ဇင်ဦးခံစားနေရတဲ့ရောဂါလက္ခဏာတွေက ပျောက်ကင်းသွားပါတယ်။ သတိလစ်မေ့မြောနေတဲ့ ကိုစောနောင်ကိုတော့ ကျွန်တော်တို့လေဖိအားသုံးအိမ် Chamber နဲ့ ကုသဖို့စဉ်းစားပါတယ်။ ဒါပေမဲ့ကိုစောနောင်က သတိလည်လာခြင်းမရှိပါဘူး။ နောက်ပြီး သူ့ရဲ့အသက်ရှူမှုအနေအထားနဲ့ အဆုတ်အနေအထားအရ အသက်ရှူအားကူစက်တင်ပြီးမှ အသက်ရှူ ရတာအဆင်ပြေမှာဖြစ်တဲ့အတွက် အသက်ရှူအားကူစက်တင်ထားလိုက်ရပါတယ်။ လေဖိအားသုံးအိမ်နဲ့ ကုသဖို့ အခွင့်အရေးမရခဲ့ပါဘူး။ ဒါပေမဲ့ ကုသခွင့်ရဖို့အတွက် အချိန်တစ်ခုပေးဖို့ကြိုးစားနေဆဲမှာပဲ ကိုစောနောင်ဆုံးပါးသွားခဲ့ပါတယ်။ ဆုံးပါးသွားတဲ့ ကိုစောနောင်ဈာပနကိစ္စများအတွက် သူ့မိသားစုဝင် တွေနဲ့တွေ့ဆုံတယ်။ ရပ်မိရပ်ဖတွေ့နဲ့လည်းတွေ့ဆုံပြီး သူ့ရဲ့ရက်လည်အတွက်ရော၊ ဈာပနအတွက်ရော အစမှအဆုံးအထိတပ်မတော်မှအကုန်လုံးတာဝန်ယူ ဆောင်ရွက်ပေးပါတယ်။ ကိုစောနောင်ရဲ့မိသားစုဝင်၊ ဇနီး၊ မိခင်၊ ညီအစ်ကိုမောင်နှမတွေအားလုံးကို မေးမြန်းပြီးတော့ကျေနပ်မှုရှိသည်အထိ ဆောင်ရွက်ပေး ထားပါတယ်။ ဆက်လက်ပြီးတော့လည်း လိုအပ်တဲ့ထောက်ပံ့မှုတွေပေးဖို့ရှိပါတယ်။ ကိုစောနောင်ရဲ့ ဈာပနအတွက် မင်္ဂလာဒုံစစ်သင်္ချိုင်းမှာပဲ သဂြုင်္ိဟ်ပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုစောနောင်က အရပ်သားဖြစ်နေပေမယ့် တပ်မတော်အတွက်ကူညီလုပ်ကိုင်ပေးတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်အနေနဲ့ သတ်မှတ်ပြီးတော့ စစ်သင်္ချိုင်းမှာသဂြုင်္ိဟ်ရခြင်းဖြစ်ပါတယ်။ အခမ်းအနားကတော့ အရပ်သားလိုပဲလုပ်မှာပါ။ ကိုသန့်ဇင်ဦးကတော့ ရောဂါလက္ခဏာတွေခံစားရခြင်းမရှိတော့ဘဲ ရာခိုင်နှုန်းပြည့်ပျောက်ကင်း သွားပြီဖြစ်တဲ့အတွက် မကြာခင်ရက်ပိုင်းအတွင်း ဆေးရုံကဆင်းပေးဖို့ရှိပါတယ်။ သူ့ကိုလည်းလိုအပ်တဲ့ ထောက်ပံ့မှုတွေ ပြုလုပ်ပေးပြီးဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အခုလိုဖြစ်သွားတဲ့အတွက် စိတ်မကောင်းပါဘူး။ ကျွန်တော်တို့တပ်မတော်အပေါ်ကူညီပေးတဲ့သူတစ်ယောက် အခုလိုဆုံးပါးသွားတဲ့ အတွက် စိတ်မကောင်းဖြစ်မိပါတယ်။ ကျွန်တော်တို့အနေနဲ့ကြိုးစားကုသပေးခဲ့သော်လည်း အကြောင်း အမျိုးမျိုးကြောင့် မမျှော်လင့်ဘဲဆုံးပါးသွားခဲ့ရတဲ့အတွက် များစွာဝမ်းနည်းမိပါတယ်။


ဒုတိယဗိုလ်မှူးကြီးဇော်ဦး [စစ်ဦးစီးမှူး(ပထမတန်း) စစ်ဆင်ရေးနှင့်လေ့ကျင့်ရေးတာဝန်၊ ဧရာဝတီ ရေတပ်စခန်းဌာနချုပ်]
ရေငုပ်သမားတစ်ယောက်အနေနဲ့ ရေအနက် ၃၃ ပေ ရောက်တိုင်းမှာ သူ့အပေါ်ကို အမောစဖီးယား၊ One Bar ၊ လေဖိအားသက်ရောက်မှုရှိပါတယ်။ ရေအနက် ၃၃ ပေနောက်ထပ် ထပ်ဆင်းတိုင်းကို One Bar One Bar စီပိုပြီး သက်ရောက်တာဖြစ်ပါတယ်။ ရေငုပ်သမားဟာ အကြမ်းဖျင်းအနေနဲ့ ရေအောက်မှာအလုပ်ချိန် ပေ ၆၀ မှာ ၃ အမောစဖီးယား၊ three Bar သက်ရောက်နေမှာဖြစ်ပါတယ်။ လေဖိအားသက်ရောက် နေတာနဲ့အမျှ နိုက်ထရိုဂျင်ပူဖောင်းလေးတွေဟာ ခန္ဓာကိုယ်ထဲကို ပျော်ဝင်သွားတာရှိပါတယ်။ ဒီပူဖောင်းလေးတွေဟာ လေထုဖိအားများချိန်မှာ သေးသေးလေးဖြစ်နေပြီးရေပေါ်ပြန်တက်လာတဲ့အခါမှာ လေပူဖောင်းလေးတွေဟာ ကြီးသွားပါတယ်။ သွေးကြောထဲမှာ လေပူဖောင်းတွေပိတ်ဆို့ရင် သွေးကြော ပိတ်ရောဂါကိုဖြစ်စေပါတယ်။ ရေငုပ်သမားတွေဟာ ရေအနက်သတ်မှတ်တဲ့ အတိုင်းအတာအထိငုပ်ပြီဆိုရင် ရေပေါ်ပြန်တက်တဲ့အခါမှာ သတ်မှတ်ရေအနက်အတိုင်း နားနားပြီးတက်ရပါတယ်။ ဒီလိုမှမလုပ်ဘဲ တက်လာရင်သွေးကြောထဲမှာ ရေပူဖောင်းတွေပိတ်ပြီးရေငုပ်ရောဂါဖြစ်တတ်ပါတယ်။ ရောဂါဖြစ်တဲ့ ရေငုပ်သမားကို Hyperbaric Chamber လို့ခေါ်တဲ့ကိရိယာတပ်ရေငုပ်တဲ့ အနက်မှာရှိနေတဲ့ ဖိအားအတိုင်းဒီအထဲမှ လေဖိအားကိုပေးပါတယ်။ ပြီးရင်သူဖြစ်နေတဲ့ လေပူဖောင်းတွေက သေးသွားမယ်။ ပြီးရင် သွေးကြောထဲပျော်ဝင်သွားမယ်။ အဲဒီလိုမျိုးအတိုင်း ရေအောက်မှာဖြစ်နေတဲ့ရောဂါအတွက်ကို ကူပေးတဲ့ ပစ္စည်းကိရိယာပါ။ ရေငုပ်သမားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိမှုရှိပါတယ်။ တစ်ယောက်ကတော့ သတိ လစ်မေ့မြောနေပြီး သူ့လို ICU ထဲမှာကုသတယ်။ အသက်ရှူကိရိယာနဲ့ကုသတဲ့အနေအထားရှိပါတယ်။ အသက်ရှူကိရိယာနဲ့ကုတဲ့အခြေအနေမှာ Hyperbaric Chamber နဲ့ ကုဖို့အခက်အခဲရှိပါတယ်။ ဒီစက်နဲ့ကုလို့မရဘူး။ ကျန်တစ်ယောက်က ရေငုပ်ရောဂါဖြစ်လို့သူက သတိကောင်းတဲ့အတွက် သူ့ကို Hyperbaric Chamber ထဲမှာထည့်ပြီးကုသပေးခဲ့ပါတယ်။ ကိုသန့်ဇင်ဦးကို ဇွန်လ(၁၉၊ ၂၀၊ ၂၁)ရက်တို့တွင် တစ်ရက်ကို ၂ နာရီခန့် Chamber ထဲမှာထည့်ပြီး သူ့ခန္ဓာကိုယ်ထဲမှ ရေငုပ်လုပ်ငန်းကြောင့်ဖြစ်ပေါ် တဲ့သွေးကြောထဲမှာဝင်နေတဲ့ ပူဖောင်းလေးတွေကို သေးအောင်ပြန်လုပ် ပေးတယ်။ ပြီးတော့သွေးကြောထဲမှစီးဝင်ပြီး ပျောက်သွားတဲ့အထိဖြစ်အောင် ဒီ Chamber ထဲမှာကုသပေးပါ တယ်။ အဲဒီအတွက် ကိုသန့်ဇင်ဦးဟာ ဒီမရောက်ခင်လက်တွေ၊ ခန္ဓာကိုယ်တွေနာကျင်ကိုက်ခဲတာရှိတယ်။ ဒီပူဖောင်းလေးတွေဟာလှုပ်ရှားလို့တောင်မဖြစ်နိုင်တဲ့သဘောရှိပါတယ်။ ဒီသုံးရက်မှာပျမ်းမျှ ၂ နာရီနဲ့ ကုသပေးတဲ့အတွက် လုံးဝသက်သာပျောက်ကင်းသွားတဲ့အနေအထားရှိပါတယ်။ ကိုစောနောင်ကတော့ ရေငုပ်ရောဂါဖြစ်ပြီးရှေးဦးသူနာပြုစုနည်းလုပ်တဲ့အချိန်ကတည်းက သတိမေ့နေတယ်။ ဒါကိုကျွမ်းကျင်တဲ့ ဆရာဝန်ကြီးတွေက သတိလစ်နေသူကို Chamber ထဲမထည့်ဖို့အကြံပြုတယ်။

ရေငုပ်ခြင်းကြောင့်ဖြစ်တဲ့ ခန္ဓာကိုယ်အတွင်းရုတ်တရက်ဖိအားလျော့ပြီး သွေးကြောများပိတ်ဆို့ခြင်းနဲ့ ဦးနှောက်သွေးကြောပိတ်ဆို့ပြီး သွေးပြတ်လပ်ခြင်းတို့ကြောင့် မင်္ဂလာဒုံတပ်မတော်ဆေးရုံကြီး ခုတင်-၁၀၀၀ မှာ ကွယ်လွန်သွားပါတယ်။
ရေငုပ်ရောဂါဖြစ်ရင် လေယာဉ်နဲ့သယ်လို့မရပါဘူး၊ ကားနဲ့သယ်ရပါတယ်။ ထားဝယ်ကနေကားနဲ့ သယ်ခဲ့ပါတယ်။ လေယာဉ်နဲ့သယ်ရင် လူနာလေဖိအားပိုလျော့သွားပြီး သွေးကြောထဲမှာရှိတဲ့ ပူဖောင်းလေး တွေက ပေါက်ကွဲထွက်နိုင်တဲ့အတွက် လူနာကိုလေယာဉ်နဲ့ သယ်ဆောင်ခြင်းမပြုပါဘူး။ တစ်ချိန်တည်းမှာ ရေငုပ်တပ်က Hyperbaric Chamber ကို တစ်ခါတည်းယူဆောင်ပြီး အသင့်ကုသနိုင်အောင် ထားရှိပြီးကုသပေးခဲ့ပါတယ်။ ကျေးဇူးတင်ပါတယ်။ ။



တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ်ဆယ်ယူရေးတွင် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့သော ရေငုပ်သမားတစ်ဦး ကွယ်လွန်

နေပြည်တော် ၊ ဇွန် ၂၃
တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ်ဆယ်ယူရေးတွင် တပ်မတော်နှင့်ပူးပေါင်း၍ ကူညီဆောင်ရွက်ပေးလျက်ရှိသည့် ဒလမြို့နယ်၊ အဏ္ဏ၀ါမင်းရေငုပ်အဖွဲ့မှ ရေငုပ်သမား ဦးစောနောင်နှင့် ဦးသန့်ဇင်ဦးတို့ ၂ ဦးသည် ပင်လယ်ရေအောက် ၁၂၀ ပေခန့်၌ Y-8 လေယာဉ်၏အမြီးပိုင်းတွင်ငြိနေသော ငါးဖမ်းပိုက် ဖြတ်တောက်ခြင်းလုပ်ငန်းများ ကူညီဆောင်ရွက်စဉ် ရေနာရောဂါရရှိခဲ့သဖြင့် ကနဦးကုသပြုစုခြင်းများ ဆောင်ရွက်၍ ဆေးမှူး အရာရှိတစ်ဦးလိုက်ပါလျက် ရန်ကုန်မြို့သို့ မော်တော်ယာဉ်ဖြင့် ပို့ဆောင်ခဲ့ရာ ဇွန် ၁၈ ရက် နံနက် ၉ နာရီ ၃၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော် ဆေးရုံကြီးသို့ရောက်ရှိ၍ ဆေးကုသမှုခံယူခဲ့သည်။
အဆိုပါရေငုပ်သမား ၂ ဦးအား ကုသမှုများဆောင်ရွက်နိုင်ရန်အတွက် တပ်မတော်(ရေ)မှ Hyperbaric Chamber (လေဖိအားသုံးကုသသည့် ပစ္စည်း)အား မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီးသို့ ပို့ဆောင်တပ်ဆင်ပေးခဲ့ပြီး တပ်မတော်ဆေးရုံမှ ကျွမ်းကျင်ပါရဂူများဖြင့် အထူးကြပ်မတ်ကုသပေးခဲ့သဖြင့် ဦးသန့်ဇင်ဦးမှာ ရောဂါသက်သာ ပျောက်ကင်းခဲ့သော်လည်း ဦးစောနောင်(၄၅)နှစ်၏ ရောဂါအခြေအနေမှာ ကောင်းမွန်လာခြင်းမရှိဘဲ ရေငုပ်ခြင်းကြောင့်ဖြစ်သော ခန္ဓာကိုယ်အတွင်း ရုတ်တရက်ဖိအားလျော့ပြီး သွေးကြောများပိတ်ဆို့ခြင်းကြောင့် ဇွန် ၂၂ ရက် ည ၉ နာရီခွဲတွင် ကွယ်လွန်ခဲ့သဖြင့် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများက ကျန်ရစ်သူမိသားစုနှင့်ထပ်တူ ၀မ်းနည်းပါကြောင်းနှင့် ၎င်းမိသားစုများ၏ လိုအပ်ချက်များကိုလည်း စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။


ကွယ်လွန်သူရေငုပ်သမား ဦးစောနောင်၏ ကျန်ရစ်သူမိသားစုများအား သွားရောက် တွေ့ဆုံအားပေး


နေပြည်တော်၊ ဇွန် ၂၃
တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ်၏ အစိတ်အပိုင်းများအား ဆယ်ယူရေးလုပ်ငန်းများ ဆောင်ရွက်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အဏ္ဏ၀ါမင်းရေငုပ်အဖွဲ့မှ ရေငုပ်သမားဦးစောနောင်နှင့် ဦးသန့်ဇင်ဦးတို့သည် ဇွန် ၁၈ ရက်မှစ၍ မင်္ဂလာဒုံမြို့၊ တပ်မတော်ဆေးရုံကြီး၌ တက်ရောက်ဆေးကုသမှုခံယူနေစဉ် အဆိုပါ ၂ ဦးအနက် ဦးစောနောင်သည် ဇွန် ၂၂ ရက် ည ၉ နာရီခွဲတွင် ကွယ်လွန်သွားခဲ့သဖြင့် ကျန်ရစ်သူမိသားစုများအား ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သက်ပုံနှင့် တာဝန်ရှိသူများက ယနေ့ညနေပိုင်းတွင် တပ်မတော်ဆေးရုံကြီးရုံးခန်းမ၌ သွားရောက်တွေ့ဆုံအားပေး စကားပြောကြားသည်။
ထို့နောက် တိုင်းမှူးနှင့်တာဝန်ရှိသူများက ကွယ်လွန်သူ ဦးစောနောင်၏ ကျန်ရစ်သူမိသားစုများအတွက် ရန်ကုန်တိုင်းစစ်ဌာနချုပ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများက လှူဒါန်းသည့် ငွေကျပ် ၁၀ သိန်း၊ ဧရာဝတီရေတပ်စခန်းဌာနချုပ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများကလှူဒါန်းသည့် ငွေကျပ် ၁၀ သိန်း၊ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်တို့ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများကလှူဒါန်းသည့် ငွေကျပ် ၁၀ သိန်း စုစုပေါင်း ငွေကျပ် သိန်း ၃၀ တို့အား အသီးသီးပေးအပ်လှူဒါန်းကြသည်။
ထို့နောက် တိုင်းမှူးနှင့်တာဝန်ရှိသူများသည် အဆိုပါဆေးရုံကြီး၌ တက်ရောက် ဆေးကုသမှုခံယူလျက်ရှိသည့် ဦးသန့်ဇင်ဦး၏ ကျန်းမာရေးအခြေအနေများအား သွားရောက်ကြည့်ရှုအားပေးစကားပြောကြားပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Source ; တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး Page

Tuesday, June 28, 2016

မိုးယုစံ ရဲ. အချစ်ရေး အိမ်ထောင်ရေး





 
Miss Now How ပြိုင်ပွဲမှ စတင်ကာ အနုပညာသက်တမ်း ရှစ်နှစ်နီးပါးစလုံး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ဆက်တိုက်ဆိုသလို ရရှိခဲ့သူကတော့ မိုးယုစံပါ။ ဗီဒီယိုလောကပျက်နေတဲ့အတွက် ကားရိုက်တွေထက်ကြော်ငြာပိုင်းကိုပဲ ဦးစားပေးလုပ်ဖြစ်နေတဲ့ မိုးယုစံက အနုပညာလောကနဲ့အနည်းငယ် အဆက်ပြတ်နေပေမယ့် လက်ရှိမှာ သူမရဲ့မင်္ဂလာသတင်းကလဲ ပရိသတ်တွေရဲ့ စိတ်ဝင်အစားဆုံး သတင်းတစ်ပုဒ်ဖြစ်နေပြန်ပါတယ်။ ၂၀၁၆ ထဲမှာ မင်္ဂလာသတင်းဖြစ်ဖို့များနေတဲ့ မင်းသမီးမိုးယုစံရဲ့ မင်္ဂလာသတင်းအနည်းငယ်နဲ့လက်ရှိအနုပညာအလုပ်များအကြောင်းကို မေးမြန်းပြောဆိုဖြစ်တဲ့အခါ
-မိုးယု အခုနောက်ပိုင်း အနုပညာနယ်ပယ်မှာ နည်းနည်းပျောက်နေသလိုပဲ။
 အနုပညာဖက်ကကျတော့ ညီမအရမ်းကြီးလဲ မရိုက်ဖြစ်တော့ဘူး။ ညီမနဲ့အဆင်ပြေမယ်ထင်တဲ့ဟာ၊ ညီမလုပ်ချင်တဲ့ကားမျိုးလေးတွေလောက်ပဲ ညီမရိုက်ဖြစ်တော့တယ်။ ကြော်ငြာတွေကတော့ ရိုက်ဖြစ်ပါတယ်။ ကားရိုက်ပိုင်းကတော့ သိပ်မရိုက်ဖြစ်တော့ဘူး။ နောက်ပြီးတော့ လူတွေအများကြီးနဲ့ဆက်ဆံရတဲ့ဟာကိုလဲ သိပ်ပြီး စိတ်မပါတော့ဘူး။ ပြီးတော့ တစ်ယောက်နဲ့တစ်ယောက်စိတ်ချင်းကလဲ မတူကြဘူးလေ။ လူတွေစိတ်က တစ်ခါတစ်လေ ကိုယ်တွေစိတ်လိုမျိုးမဟုတ်ဘူး။ မကောင်းတဲ့စိတ်တွေက များနေတဲ့အခါကျတော့ အဲ့ဒီလိုလူတွေနဲ့သိပ်ပြီးမဆက်ဆံချင်တော့ဘူး။
-အနုပညာအလုပ်ဆိုတာ လူတွေအများကြီးနဲ့ဆက်ဆံရတဲ့အလုပ်တစ်ခုဖြစ်သလို ကိုယ်လဲတောက်လျှောက်လုပ်လာခဲ့တယ်ပေါ့။ အခုနောက်ပိုင်းက လူတွေအများကြီးနဲ့ဆက်ဆံရတာကို မနှစ်မြို့တော့တာလဲ။
ညီမစောစောကပြောသလိုပေါ့။ တစ်ခါတစ်လေ လူတွေရဲ့စိတ်ကမတူဘူးလေ။ တစ်ခါတစ်လေ သူများစိတ်မပြောနဲ့ကိုယ်ကိုတိုင်ရဲ့စိတ်တောင်မှ အပြောင်းအလဲရှိတော့ ကိုယ့်စိတ်ကိုတောင်ဘာမှန်းမသိတာ သူများစိတ်ဆိုရင် ပိုခန့်မှန်းရခက်တယ်လေ။ လူတွေကမကောင်းတဲ့ဖက်က ပိုများတယ်။ လူတွေနဲ့ဆက်ဆံရတာ တစ်ခါတစ်လေ တချို့လူတွေနဲ့ကြောက်ဖို့ကောင်းတယ်။ ညီမနဲ့အဲ့ဒီလိုက လုံးဝအဆင်မပြေနိုင်ဘူး။ အဲ့ဒီအတွက်တချို့ဟာတွေအဲ့ဒီလိုလူမျိုးတွေနဲ့ပတ်သက်ရမယ်ဆို ညီမရှောင်တာများပါတယ်။
-အရှေ့မှာ ဘယ်လိုအဖြစ်အပျက်မျိုးနဲ့ကြုံခဲ့ဖူးလို့လဲ။
ဒါကတော့လူတိုင်းကြုံမှာပဲ။ လူ့လောကထဲမှာ လူလူချင်းဆက်ဆံရတာဆိုတော့ ညီမတစ်ယောက်တည်းမဟုတ်ဘူး။ အကုန်လုံးကြုံရမှာပါပဲ။ ဘယ်လိုကြုံလဲဘာညာဆိုတော့ ညီမလဲပြန်မပြောပြချင်တော့ပါဘူး။ တစ်ခါတစ်လေတချို့လူတွေက ကိုယ့်အပေါ် ကောင်းသလိုလိုနဲ့မကောင်းတာတွေလဲ ရှိတယ်လေ။ အဲ့ဒါကြောင့်ပါ။ အခုချိန်မှာလဲ ဗီဒီယိုလောကကပျက်နေပြီလေ။ ပျက်နေပြီဆိုတော့ ညီမကတော့ဗီဒီယိုဖက်ကို သိပ်ပြီးစိတ်လဲမ၀င်စားတော့ဘူး။ ညီမအခုလတ်တလောလုပ်နေတာက ကြော်ငြာပိုင်းပေါ့။ ကြော်ငြာပိုင်းက လုပ်ရတာပိုလဲစိတ်ပေါ့ပါးတယ်။ ပိုပြီးတော့လဲ ပျော်ဖို့လဲကောင်းတယ်။
-အခုလက်ရှိ အနုပညာလှုပ်ရှားမှု အနေနဲ့ ဘာတွေလက်ခံထားလဲ။
အခုနောက်ပိုင်းကတော့ မိုးယုကြော်ငြာတွေပဲရိုက်ဖြစ်တယ်။ ကြော်ငာတွေလက်ခံထားတယ်။ အခုနေပြည်တော်မှာ ကြော်ငြာသုံးခုသွားရိုက်ရမယ်။ ပိုးထည်ကြော်ငြာရယ်၊ ရေသန့်ကြော်ငြာရယ်၊ နောက်တစ်ခုကတော့ အတိအကျမသိသေးပါဘူး။ ကြော်ငြာဓာတ်ပုံသွားရိုက်ရမှာပေါ့။ ကြော်ငြာလဲပါတယ်။ အဲ့ဒီမှာ၂ရက်လောက်ပဲကြာပါမယ်။
-လျှောက်လှမ်းလာတဲ့ အနုပညာသက်တမ်း ရှစ်နှစ်ရှိပြီပေါ့။ ဒီအတိုင်းအတာမှာ မိုးယုက နာမည်ပျက်၊ ကောလဟလထွက်တာနည်းတဲ့မင်းသမီးထဲမှာပါတဲ့အတွက်ကိုယ့်ရဲ့ ကိုယ့်ကျင့်တရားပိုင်းနဲ့ပတ်သက်ပြီး ဘယ်လိုမျိုးထိန်းသိမ်းဖြစ်လဲ။
ညီမစလုပ်ကတည်းက မကောင်းတဲ့သတင်းမထွက်အောင် အတတ်နိုင်ဆုံးနေတယ်။ အားလုံးကို အမှန်ကန်ဆုံးပဲ ဆက်ဆံတယ်။ နောက်ပြီးညီမက အလုပ်နဲ့အိမ်နဲ့ပဲ သွားတာများတယ်။ တခြားလဲ ဘယ်မှမသွားဘူး။ အလုပ်ပြီးရင်အိမ်မှာပဲ။ အပြင်သွားလေ့မရှိဘူး။ အဲ့ဒါကြောင့်တော်ရုံတန်ရုံ သတင်းထွက်တာမရှိဘူး။ ထွက်ခဲ့တဲ့ သတင်းတွေဆိုတာလဲ ညီမတစ်ခါတည်း ရှင်းပစ်တာပေါ့။ သူများတွေ ထင်ရာမြင်ရင်ပြောကြတာမျိုးတွေရှိပါတယ်။ အဲ့ဒါတွေကလဲ တစ်ခုမှမဟုတ်ပါဘူး။ ကာယကံရှင်နှစ်ယောက်စလုံးက အသိဆုံးပဲ။ သူများတွေထင်ရာမြင်ရာလျှောက်ပြောနေတာတွေက တစ်ခုမှမဟုတ်ပါဘူး။
-၇လပိုင်းမှာလဲမွေးနေ့ရှိတယ်နော်။ နှစ်တိုင်းက မွေးနေ့ကို ပရိသတ်တွေနဲ့ ပရဟိတအလုပ်တွေနဲ့ပဲဖြတ်သန်းနေကြဆိုတော့ ဒီနှစ်ရော ဘယ်လိုဖြတ်သန်းဖြစ်မလဲ။
ဒီနှစ်မိုးယု အသက် ၂၅ နှစ်ပြည့်ပါ။ အမှန်အတိုင်းပြောရင်မွေးနေ့တိုင်းကိုညီမ ပရိသတ်တွေနဲ့ပဲဖြတ်သန်းလေ့ရှိတယ်။ အလှူအတန်းတွေ လုပ်ဖြစ်လေ့ရှိတယ်။ ဒီနှစ်လဲအဲ့ဒီလိုပဲလုပ်ဖြစ်ဖို့များပါတယ်။ တစ်ခုခုတော့ပါမယ်။ တခြားအစီအစဉ်လဲပါပါမယ်။ အလှူကြီးပဲသီးသန့်ဖြစ်ချင်လဲဖြစ်မယ်။
-၂၅ နှစ်ပြည့်မွေးနေ့ရောက်တော့မယ်။ အသက်လဲတစ်နှစ်လဲကြီးတော့မယ်ဆိုတော့ ဘယ်လိုခံစားမိလဲ။
အသက်၂၅ ရောက်ပြီပေါ့။ အသက်၂၀ မပြည့်ခင်ကတော့ အသက် ၂၀ အရမ်းကျော်ချင်ခဲ့တယ်။ အသက် ၂၅ နောက်ပိုင်းကိုလဲ အရမ်းရောက်ချင်ခဲ့တယ်။ အခုပြည့်တော့မယ်လဲဆိုရော မြန်လှချည်လား။ မရောက်ချင်တော့ဘူးဖြစ်သွားပြန်ရော။ လူ့လောကထဲမှာနေလာတဲ့တောက်လျှောက်မှာ လူတွေရဲ့စိတ်ရယ်၊ အသက်ကြီးလာတာနဲ့အမျှပိုပြီးတော့စဉ်းစားတွေးခေါ်တတ်လာတယ်။ မကောင်းတာတွေကောင်းတာတွေကိုလဲ ဝေဖန်ပိုင်းခြားတတ်လာတယ်။
-ဒီနှစ်ထဲမှာလဲ မင်္ဂလာဆောင်တော့မယ်ဆိုတဲသတင်းတွေကြားနေရတယ်နော်။
အဲ့ဒါနဲ့ပတ်သက်ပြီးတော့ တစ်ချိန်ချိန်ကျရင်တော့ ညီမအတိအကျပြောပြပါ့မယ်။ အခုကတော့မပြောသေးပါဘူးရှင့်။ ညီမမွေးနေ့ဒါမှမဟုတ် မွေးနေ့အပြီးမှာ သိချင်မဲ့ပရိသတ်ကြီးကိုပြောပြပါ့မယ်။ မေးတာတွေရော ၊ မမေးတာတွေရောကို အကုန်ပြောပြပါ့မယ်။ မင်္ဂလာအစီအစဉ်ကတော့ ဒီနှစ်ထဲမှာဖြစ်ဖို့များနေပါတယ်။
-မိုးယုရဲ့ချစ်သူနဲ့ပုံလေးတွေလဲလူမှုကွန်ယက်ပေါ်မှာပျံ့နေတာမျိုးရှိတယ်။ သူ့ကိုရော ဘယ်လိုအချက်အလက်တွေကြောင့်ရွေးချယ်ဖြစ်သွားတာလဲ။
တစ်ချိန်ကျရင် ကိုယ်အိမ်ထောင်ဖက်အဖြစ်ရွေးချယ်တဲ့အခါ သူ့မိဘ ကိုယ့်မိဘနှစ်ဖက်မိဘကြည်ဖြူပြီးတော့ လက်ထပ်နိုင်တဲ့သူဖြစ်ရမယ်။ နောက်ပြီးတော့ ကိုယ့်ကိုတကယ်သစ္စာရှိရှိ ချစ်ရမယ်။ ညီမကနည်းနည်းတည်တည်ကြည်ကြည်နေတာမျိုးကိုကြိုက်တယ်။ သဘောကျတယ်။ ပြီးတော့ယောကျာ်းလေးဖြစ်တဲ့အတွက် အဓိကဦးဆောင်နိုင်ရမယ်။ နောက်ပြီးမိသားစုအပေါ်တန်ဖိုးထားပြီး တည်ကြည်တဲ့သူကိုညီမကသဘောကျတယ်။ အဲ့ဒီအချက်တွေကြောင့်ရွေးချယ်ဖြစ်သွားတာပါ။
-လတ်တလောမှာ မင်္ဂလာသတင်းပြောလိမ့်မယ်လို့ပရိသတ်တော်တော်များများက မမျှော်လင့်ထားကြဘူး။ ချစ်သူရှိနေတယ်ဆိုတဲ့ သတင်းအစအနမတွေ့ရတဲ့အတွက် မင်္ဂလာသတင်းနဲ့မိုးယုနဲ့ကိုအဝေးဆုံးမှာလို့ထင်နေကြတယ်။ မမျှော်လင့်ပဲနဲ့သိလိုက်ရတော့ နှမြောနေကြတဲ့ ပရိသတ်တွေလဲရှိတော့ သူတို့ကိုရော ဘယ်လိုပြောပြချင်လဲ။
ညီမအချစ်ရေးနဲ့ပတ်သက်ပြီး အတိအကျဖော်ပြတာမျိုးတွေအရှေ့မှာမရှိခဲ့ပါဘူး။ ချစ်သူရည်းစားလဲ မရှိခဲ့လို့ပါ။ အခုကတော့ ညီမချစ်သူရှိနေပါပြီ။ ဘယ်သူဘယ်ဝါလဲဆိုတာကို အတိအကျမပြောပြသေးတာပဲ ရှိပါတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီး တချို့ပရိသတ်တွေကနှမြောကြတယ်။ တကယ့် Fan အစစ်တွေကကျတော့ ညီမအကြောင်းသိတယ်။ Fan တွေနဲ့စကားပြောဖြစ်တဲ့အခါ သူတို့ကပိုပြီး သဘောတူနေကြတယ်။ ဘယ်ဟာပဲဖြစ်ဖြစ် ကံအပေါ်မှာမူတည်တယ်။ ဒီအချိန်မှာ မိုးယုအိမ်ထောင်ပြုရမဲ့ ကံပါလာရင်တော့ ပြုကိုပြုဖြစ်မှာပဲ။ ကံမပါရင်တော့ပြုဖြစ်မှာ မဟုတ်ဘူးလေ။ အဲ့ဒီအတွက်ကြောင့်မို့လို့ကံကိုပဲပုံအပ်ထားတယ်။ အနုပညာအလုပ်နဲ့ပတ်သက်ပြီးတော့လဲ အဲ့ဒီအလုပ်ကို ညီမချစ်လဲချစ်တယ်။ ညီမအနုပညာအလုပ်နဲ့ပဲ ကိုယ့်မိသားစုကိုကျေးဇူးဆပ်ခွင့်ရတယ်။ ဒီအလုပ်ကိုလဲ အရမ်းဝါသနာပါပါတယ်။ အဲ့ဒါကြောင့် ဒီအလုပ်ကိုလဲတတ်နိုင်သလောက် ညီမလုပ်သွားမှာပါ။ ညီမအများကြီးလုပ်တာထက် ဒီအလုပ်ကို တန်ဖိုးထားတယ်။ ညီမကိုချစ်ခင်အားပေးတဲ့ပရိသတ်တွေကိုတန်ဖိုးထားတယ်။
-ပုံလေးတွေတက်လာတော့ အရမ်းလိုက်တယ်လို့ပြောကြတဲ့ပရိသတ်ရှိသလို တချို့အမျိုးသားပရိသတ်တွေကျတော့ အသည်းကွဲပြီတို့ဘာတို့တင်နေကြတဲ့ ပရိသတ်တွေလဲရှိတော့ အဲ့ဒီအပေါ်ကိုဘယ်လိုမျိုးလေးပြန်ပြောချင်ပါသလဲ။
ဘယ်လိုပဲဖြစ်ဖြစ်ပါ။ သဘောတူတဲ့သူပဲဖြစ်ဖြစ် မတူပဲ အသည်းကွဲတဲ့သူပဲဖြစ်ဖြစ် ပရိသတ်ကြီးကိုလဲ မိုးယုကချစ်ပါတယ်လို့။ အိမ်ထောင်ကျသွားပြီပဲဖြစ်ဖြစ်၊ မကျသေးဘူးပဲဖြစ်ဖြစ် ပရိသတ်ကြီးက မိုးယုရင်ထဲမှာအမြဲရှိပါတယ်။ နောက်ပြီးကိုယ့်ကိုအားပေးတဲ့သူတင်တဲ့ post မှန်သမျှကိုတော်တော်များများကြည့်ဖြစ်တယ်။ တချို့ဟာတွေဆိုမိုးယုမှတ်မိတယ်။ တချို့အကောင့်တွေဆိုညီမစကားပြောဖြစ်တယ်။ မိုးယုကိုအခုလိုအားပေးပြီးချစ်ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်လို့။
-အန်တီစကားကိုအမြဲနားထောင်တဲ့သမီးအလိမ္မာတစ်ယောက်ဆိုတော့ အခုဆုံးဖြတ်ခဲ့တဲ့ အိမ်ထောင်ရေးကရော အန်တီ့စိတ်တိုင်းကျလား။ မိုးယုစိတ်တိုင်းကျဆုံးဖြတ်ခဲ့တာလား။
အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး ညီမသဘော၊ ညီမစိတ်နဲ့ပါပဲ။ နောက်ပြီးတော့ ညီမမိဘတွေရဲ့ဆုံးဖြတ်ချက်လဲ ပါပါတယ်။ နောက် ကောင်လေးရော၊ ကောင်လေးဖက်ကအဖေအမေရော အားလုံးပါပါတယ်။ အားလုံးသဘောတူကြည်ဖြူကြလို့ပါ။
-အန်တီက အနုပညာအလုပ်နဲ့ပတ်သက်ပြီးအရင်က အရမ်းကို ထောက်ပံ့ပေးခဲ့တာဆိုတော့ အခုမိုးယုရဲ့ မင်္ဂလာသတင်းအပေါ်မှာရော သူ့ရဲ့အမြင်ကဘယ်လိုရှိလဲ။
အမေက အနုပညာအလုပ်ကို အရမ်းချစ်တယ်။ အရမ်းကို လုပ်စေချင်တယ်။ အိမ်ထောင်ကျကျ၊ မကျကျလုပ်စေချင်တယ်။ အဓိက အမေကတော့ အမှန်အတိုင်းပြောရရင် ညီမကိုနှမြောနေတယ်။ အနုပညာအလုပ်ကို အရမ်းဝါသနာပါတယ်။ အရမ်းလုပ်စေချင်တော့လေ။ ညီမလဲအိမ်ထောင်ကျသွားတဲ့အခါ ပရိသတ်အားပေးမှုလျော့သွားမှာကို အရမ်းစိုးရိမ်တယ်။ နောက်ပြီးတော့ ပရိသတ်ကြီးအတွက် ညီမသီချင်းလုပ်ဖို့ စီစဉ်ထားတာရှိတယ်။ အဲ့ဒါကြီးကလဲတိုးလို့တန်းလန်းဖြစ်နေတယ်။ ညီမအမှတ်တရအနေနဲ့ Fan တွေအတွက် သီချင်းခွေလုပ်ဖြစ်ခဲ့တယ်ဆိုရင် ဒီနှစ်ထဲမှာအိမ်ထောင်ပြုဖြစ်ခဲ့ရင် သီချင်းခွေကနောက်နှစ်ကိုရွှေ့သွားပြီလေ။ အဲ့ဒါကြောင့် အိမ်ထောင်ပြုဖို့မပြုဖို့ကို ဇဝေဇ၀ါဖြစ်နေတယ်။ ဒါပေမဲ့ ညီမတိုင်ပင်နေကြ Fan တွေရှိပါတယ်။ သူတို့ကတော့ မင်္ဂလာသတင်းကို အားပေးတယ်။ လုပ်စေချင်တဲ့အတွက် ရှေ့ဆက်တိုးနေပါတယ်။ သီချင်းကတစ်ခွေစာပါ။ တေးရေးတွေအပ်ထားပြီးပြီ။ ဆိုဖို့နဲ့တီးဖို့ပဲကျန်တယ်။ မင်္ဂလာပွဲလုပ်ဖို့မလုပ်ဖို့ချိန်နေတုန်းမို့လို့ပါ။ မင်္ဂလာပွဲလုပ်ဖြစ်ခဲ့တယ်ဆိုရင်လဲ ခါတိုင်းလိုပဲမိုးယုကိုအားပေးကြပါလို့ပြောချင်ပါတယ်။ သီချင်းခွေလုပ်နေတာ မိုးယု Fan တွေပဲသိတယ်။ အပြင်ပရိသတ်မသိဘူး။ ဒါပေမဲ့အခုမင်္ဂလာသတင်းကအရင်ပြန့်သွားတော့ မင်္ဂလာသတင်းကိုပဲ စိတ်ဝင်စားနေကြတယ်။
-အခုရွေးချယ်ထားတဲ့အိမ်ထောင်ရေးက နှလုံးသားနဲ့လား။ ဦးနှောက်နဲ့လား။
ပြောရရင်နှစ်ခုလုံးပါပဲ။ အရင်ဆုံး ပထမဆုံးစဉ်းစားလိုက်တာက ဦးနှောက်နဲ့စဉ်းစားလိုက်တာပါ။ နောက်တော့မှ နှလုံးသားပါပါသွားတာပါ။ အခုချိန်မှာတော့ ဦးနှောက်ရော၊ နှလုံးသားရော နှစ်ခုလုံးပါပဲ။
-စိတ်ကူးထဲကမင်္ဂလာပွဲပုံစံကဘယ်လိုမျိုးဖြစ်မလဲ။
စိတ်ကူးကတော့ ဖြစ်နိုင်တာတွေရော မဖြစ်နိုင်တာတွေရော အများကြီးယဉ်ထားတယ်။ မိန်းကလေးလဲဖြစ်တော့ စိတ်ကူးကတော့ယဉ်တယ်။ ဒါပေမဲ့ မိန်းကလေးနဲ့ယောကျာ်းလေးနဲ့ကမတူဘူး။ မင်္ဂလာပွဲလုပ်ဖြစ်ရင် ကိုယ်တစ်ယောက်တည်းဆောင်တာမဟုတ်ဘူး။ ယောကျာ်းလေးနဲ့မိန်းကလေးဖြစ်တဲ့အတွက်
 နှစ်ယောက်စလုံးအဆင်ပြေမဲ့ဟာပဲလုပ်ဖြစ်မှာပါ။
-အပြင်လောကက အမျိုးသားတစ်ယောက်ကို အိမ်ထောင်ဖက်အဖြစ်ရွေးချယ်ခဲ့တာကရော ဘယ်လိုကြောင့်များလဲ။
မိုးယုကသ၀န်တိုတတ်တယ်။ အဲ့ဒါကြောင့်အစကတည်းက အိမ်ထောင်ပြုဖြစ်မယ်ဆိုရင် အပြင်လူနဲ့ပဲယူမယ်လို့ဆုံးဖြတ်ထားတာပါ။ ဘာလို့လဲဆိုတော့ အနုပညာသမားအချင်းချင်းဆို အမှန်အတိုင်းပြောရရင် ကိုယ့်ချစ်သူက တခြားသူနဲ့အလုပ်တွဲလုပ်နေတာကိုမကြိုက်ဘူး။ နားလည်မပေးနိုင်ဘူး။ ဒါညီမအမှန်အတိုင်းပြောတာပါ။ ဘယ်လိုပဲစိတ်ချသည်ဖြစ်စေ၊ မချသည်ဖြစ်စေ အနုပညာအလုပ်လုပ်တာကို သဘောမကျပါဘူး။ အဲ့ဒါကြောင့်အပြင်လူပဲရွေးချယ်ဖြစ်ခဲ့တာပါ။
-မိုးယုမင်္ဂလာပွဲကို စောင့်မျှော်နေတဲ့ပရိသတ်တွေကိုရော ဘယ်လိုမျိုးပြောပြချင်သေးလဲ။
အားပေးတဲ့ပရိသတ်တွေကို ကျေးဇူးအရမ်းတင်ပါတယ်။ ညီမလဲအနုပညာနဲ့ပတ်သက်ပြီး တတ်နိုင်သလောက်လုပ်ဆောင်သွားပါမယ်။ အိမ်ထောင်ပြုပြီးရင်မလုပ်တော့ဘူးဆိုတာမျိုးမဟုတ်ပဲ ဆက်လက်လုပ်ကိုင်သွားမှာပါ။ သူကလဲခွင့်ပြုပါတယ်။ လူတစ်ယောက်အလုပ်လေးတစ်ခုရှိရင်ကောင်းတယ်လေ။ သူကလဲ အဲ့ဒီလိုပြောပါတယ်။ မိုးယုရဲ့စိတ်ဆန္ဒအတိုင်းပါပဲ။ အဲ့ဒါကြောင့် ပရိသတ်ကြီးကလဲ ဆက်လက်ပြီးအားပေးပေးကြပါလို့ပြောချင်ပါတယ်။

ခင်ဆွေသက် @ Trend Myanmar

Tuesday, June 14, 2016

အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီ ဥက္ကဌဖြစ် ဦးသိန်းညွန့်နှင့် လူထုပုံရိပ်ဂျာနယ် အင်တာဗျုး






အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီ ဥက္ကဌဖြစ်သူ ဦးသိန်းညွန့်နှင့် လူထုပုံရိပ်ဂျာနယ်မှ တွေ့ဆုံမေးမြန်းထားချက်များမှ လိုရင်းကိုကောက်နှုတ်ဖော်ပြခြင်း ဖြစ်သည်ဟု သိရပါသည် ။ မူရင်းအတိုင်းသာဖော်ပြထားခြင်းဖြစ်ပြီး မူရင်းရေးသားသူ၏ အာဘော်သာဖြစ်ပါသည် ။

 ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူကိုမကြည့်နဲ့၊ ပါတီကိုကြည့်ပြီး မဲပေးပါဆိုတဲ့ အချိန်မှာ ကျွန်တော်တို့အရင်ကရခဲ့တဲ့ လွှတ်တော်နေရာတွေ လက်လွှတ်ခဲ့ရတယ်..လူထုကြီးကိုသနားတယ်။ ရွေးကောက်ပွဲဝင်တဲ့အချိန်မှာလည်း လူထုအပေါ်မှာ ကျွန်တော် ကရုဏာထားတုန်းပဲ။ ရွေးကောက်ပွဲပြီးတဲ့အခါမှာ လူထုကို ပိုတောင်သနားသေးတယ်ဆိုတာ ကျွန်တော်ရေးခဲ့တာပါ။
ရက် ၁၀၀ ပြည့်မယ့်လွှတ်တော်ကတော့ ကျွန်တော့်အမြင်ပြောရရင် အရင်ဆုံးကတော့ ဒီလွှတ်တော်ရဲ့ အကြီးဆုံးအမှားကတော့ နိုင်ငံတော်အတိုင်ပင်ခံဥပဒေကို ပြဌာန်းလိုက်တာပဲ။

ဘာဖြစ်လို့အကြီးဆုံးအမှားလို့ပြောလဲဆိုရင် လွှတ်တော် ကိုယ်စားလှယ်တွေဟာ အခြေခံဥပဒေကို လိုက်နာရမယ့်တာဝန်ရှိတယ်။ 

အခြေခံဥပဒေအရ ပြည်ထောင်စုလွှတ်တော်က တာဝန်ခံရမယ့် အပိုင်းတွေ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အပိုင်းတွေကို ခွဲခြားကျင့်သုံးမယ်ဆိုတဲ့ ပုဒ်မ-၁၁ နဲ့ မညီညွတ်တဲ့အတွက် ဒါဟာ အင်မတန်မှားတယ်လို့ ယူဆတယ်။ လုပ်ဟန်အနေနဲ့ပြောရင်လည်း ဒီလောက်အရေးကြီးတဲ့ ဥပဒေကြီးတစ်ခုကို အမြင်မတူတွေရဲ့ တင်ပြချက်ကို စကားလုံး တစ်လုံးကအစ မစဉ်းစားဘဲနဲ့ သုံးရက်နဲ့ အတည်ပြုလိုက်တာကတော့ တပ်မတော်က ကိုယ်စားလှယ်တွေပြောသလိုပဲ ဒီမိုကရေစီအနိုင်ကျင့်မှုဆိုတဲ့ဟာမျိုး လုပ်သွားတယ်ဆိုတာ သာမန်အမြင်နဲ့တော့ လက်ခံနိုင်စရာသဘော မဟုတ်ဘူး။ အဲဒါကြောင့် အမြင့်ဆုံးအမြင်နဲ့ပြောရင်တော့ ဥပဒေပြုသူဟာ ဥပဒေချိုးဖောက်သူ မဖြစ်ရဘူးဆိုတဲ့ မူသဘောကို ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်က ရွေ့လာတယ်။ မထိန်းနိုင်ဘူးလို့ ကျွန်တော်မြင်တယ်။


ပါတီလိုင်းက ပေးတဲ့အပေါ်မှာ ဥပဒေကို လုပ်နေရတဲ့ ပုံစံတွေရှိတယ်။ ဥပမာ-ပူပူနွေးနွေး ၁၉၈၂ နိုင်ငံသား ဥပဒေအရ ဒေါ်ခင်စောဝေ ရခိုင်ပါတီက တင်တဲ့ဟာမျိုး အဲဒါဟာ နိုင်ငံသား စိစစ်ရေး ဥပဒေနဲ့ညီရင် နိုင်ငံသားပေးလိုက်ပေါ့။ မညီရင်အရေးယူပေါ့။ အဲဒီအဆိုမျိုးကိုတောင် လွှတ်တော်က အတည်မပြုဘဲနဲ့ မှတ်တမ်းတင်ခိုင်းတယ်ဆိုကတည်းက ပထမအကြိမ် လွှတ်တော်နဲ့ယှဉ်ကြည့်ရင် ဒုတိယအကြိမ် လွှတ်တော်ရဲ့ နိုင်ငံရေး အရည်အသွေးကို ခန့်မှန်းလို့ရတယ်/ ပြည်ခိုင်ဖြိုးပါတီက ဘာပြောပြော ကျွန်တော်တို့ တက်ခဲ့တဲ့ ငါးနှစ်မှာ သူတို့ဟာ မေးခွန်းကို လွတ်လပ်စွာ မေးခွင့်ပေးတယ်။ မေးခွန်းကို ကြိုက်သလိုမေး၊ အဆိုတို့၊ ဥပဒေကြမ်း တို့ကိုပဲ သူတို့ပါတီက ဖွဲ့ထားတဲ့အဖွဲ့ကို တင်ရတယ်။ အခုလွှတ်တ်ာမှာက မေးခွန်းက အစ တင်နေရတယ် ဆိုတော့ ဘာပြောပြော ဒီမိုကရေစီ ဦးထုပ်ဆောင်းထားတဲ့လူတွေ အလှည့်ကျမှ ကြံ့ခိုင်ရေးလောက်မှ ခွင့်မပြုဘူးဆိုရင်တော့ အများကြီးစဉ်းစားစရာဖြစ်သွားပြီ။

ရိုဟင်ဂျာပြဿနာဟာ အမျိုးသားရေး၊ လူ့အခွင့်အရေးလို့ပြောပြီး ကဗျာဆန်လို့မရဘူး။ အဲဒီတော့ ဒီဟာနဲ့ပတ်သက်ရင် ပြတ်သားတဲ့ ပေါ်လစီရှိရမယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့တဲ့ပွဲမှာဆိုရင် ရိုဟင်ဂျာပြဿနာထက် အရေးကြီး တဲ့ ကိစ္စတွေရှိသေးတယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောခဲ့တယ်။ ရိုဟင်ဂျာပြဿနာဟာ အရေးမကြီးတဲ့ပုံစံမျိုး ပြောသွားတယ်။ ဦးသိန်းစိန်မှာ အင်မတန် ချီးကျူးစရာကောင်းတဲ့ အရည်အချင်းတွေ အများကြီးရှိတယ်။ ဒီတိုင်းပဲ ဝေဖန်စရာတွေလည်း အများကြီးရှိတယ်။ ဝေဖန်စရာတွေ၊ ချီးကျူးစရာတွေထဲမှာ ဦးသိန်းစိန်ကို ကျွန်တော်တို့ မချီးကျူးရ မနေနိုင်လောက်တဲ့အချက်နှစ်ချက်ကတော့ တရုတ်ရဲ့ဖိအား ဘယ်လောက်ပေးပေး ဘယ်လောက်ပဲငြိုငြင်မှုတွေ ကြုံရ ကြုံရ၊ ဘယ်လောက်ပဲအကျိုးသက်ရောက်မှုတွေဖြစ်ဖြစ် မြစ်ဆုံစီမံကိန်းကို ရပ်တန့်နိုင်ခဲ့တယ်။ အဲဒီလိုပဲ ရိုဟင်ဂျာနဲ့ ပတ်သက်ရင် မွတ်စလင်အသိုင်းအ၀ိုင်းက ဘယ်လောက်ပြောပြော မွတ်စလင်အသိုင်းအ၀ိုင်းနဲ့ ဆက်နွယ်တဲ့ နိုင်ငံတကာ က အင်အားကြီးနိုင်ငံတွေ အထူးသဖြင့် အနောက်နိုင်ငံတွေ ဘယ်လောက်ဖိအားပေးပေး တိုင်းရင်းသား ၁၃၅ မျိုးမှာ ရိုဟင်ဂျာ မရှိဘူးဆိုတာ အပြတ်ပြောခဲ့တယ်။ မြန်မာပြည်မှာ ရိုဟင်ဂျာမရှိဘူး။ ရိုဟင်ဂျာ လက်မခံနိုင်ဘူး။ တရားဝင် အသုံးနှုန်းကိုပြောခဲ့တယ်။


 အခုအစိုးရသစ်က ရိုဟင်ဂျာနဲ့ပတ်သက်လို့ ပြတ်ပြတ်သားသား ဘာပြောရဲလို့လဲ။ ဟိုမေးခွန်းကို ကဗျာဆန်ဆန် ဒါထက်အရေးကြီးတာရှိလို့လား တိုင်းပြည်မှာ။ အရေးကြီးတာရှိ တယ်လိုဖြေတယ်။ ရိုဟင်ဂျာမရှိဘူးလို့ မပြောဘူး။ အခုပြောပုံအရဆိုရင်တော့ နှစ်ဖက်စလုံး လက်ခံနိုင်တဲ့ အသုံးအနှုန်းရှာမယ်ဆိုတဲ့ သဘောမျိုးပဲပြောတာရှိတယ်။ ရပ်တည်ချက်အရပြောရင်တော့ ရိုဟင်ဂျာကိစ္စအရေးမကြီးဘူးလို့ ပြောတဲ့အတွက် ကျန်တဲ့ လူတော့ ကျွန်တော်မပြောလိုပါဘူး။ အဲဒီပြောတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားကိုယ်ခံအင်အားကို ကျွန်တော်တို့ ပြန်ပြီးတော့ ဆန်းစစ်ရမယ့်အဆင့်ရောက်လာပြီ။

ကျွန်တော် ပြောနိုင်တဲ့အချက်ကတော့ ဦးထင်ကျော် ဦးဆောင်တဲ့အစိုးရဆိုပေမယ့် အားလုံးသိတဲ့အတိုင်းပဲလေ၊ ကနေ့ နိုင်ငံတော်ရဲ့ အခင်းအကျင်းအားလုံးကို ကိုင်တွယ်နေတာက အခြေခံဥပဒေအရ သမ္မတကိုပေးထားတာကို။ လက်တွေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကိုင်တွယ်နေတာပဲ။ ဒေါ်အောင်ဆန်းစုကြည် ကိုင်တွယ်နေတဲ့အချိန်မှာ အရင်ဆုံး ၂၁ ပင်လုံညီလာခံလို့ ပြောင်းလိုက်တဲ့အတွက်ပဲ။
သတင်းအရဆိုရင် ရွေးကောက်ပွဲမှာ အနည်းဆုံးတစ်နေရာ ရတဲ့ ပါတီတွေမှသာ ငြိမ်းချမ်းရေးမှာ ပါခွင့်ပေးမယ်ဆိုရင် ဥပမာ ချင်း ဆိုရင် ဇိုမီးပါတီတစ်ခုကလွဲလို့ ကျန်တဲ့ပါတီတွေ မရဘူး။ ကရင်ဆိုလည်း သံတောင်မှာ ကရင်ပြည်သူ့ပါတီတစ်ခုကလွဲရင် ကျန်တဲ့ကရင်ပါတီတွေ မရဘူး။ အဲဒီတော့ ကရင် နိုင်ငံရေးပါတီတွေ၊ ချင်း နိုင်ငံရေးပါတီတွေ ကိုယ်စားပြုမှုဟာ အင်မတန်နည်းတော့မယ်။ အဲဒီတော့ လက်နက်ကိုင် အင်အားစု ခေါင်းဆောင်တွေနဲ့ အနေအထားတော့ ကျွန်တော်တို့မသိဘူး။ နိုင်ငံရေးပါတီတွေအနေနဲ့ကတော့ တိုင်းရင်းသားပါတီတွေ တော်တော်များများ ဒီညီလာခံမှာ ပါတော့မှာမဟုတ်ဘူး။ အဲဒီလိုပဲ နိုင်ငံရေးပါတီ ၉၀ နဲ့ပတ်သက် ရင်လည်း အနိုင်ရပါတီတစ်ဦး တစ်ယောက်မှ ပါရမယ်ဆိုရင် ဒါကတော့ သူ့ကိုမေးခွန်းထုတ်ရမှာပေါ့။

ကျွန်တော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာက နိုင်ငံရေးပါတီဆိုတာ နိုင်ငံရေးပါတီမှတ်ပုံတင်ဥပဒေအရ ဖွဲ့စည်းထားတဲ့ ပါတီအားလုံးဟာ နိုင်ငံရေးပါတီတွေပဲ။ အဲဒီတော့ အခြေခံဥပဒေကို ပြန်ပြင်ဖို့ (သို့မဟုတ်) အခြေခံဥပဒေမှာ အနည်းဆုံး မဲဆန္ဒနယ် တစ်နေရာရတဲ့ပါတီကိုသာ နိုင်ငံရေးပါတီလို့ သတ်မှတ်တယ်ဆိုရင်တော့ အခုသူတို့ဆောင်ရွက်နေတာတွေဟာ အခြေခံ ဥပဒေနဲ့ညီတာပေါ့။ အခုဆိုရင် အခြေခံဥပဒေမှာမပါဘဲနဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်တစ်ဦး အနည်းဆုံးရှိရမယ်ဆိုတဲ့ ပြဌာန်းချက်က ဘာပြောပြော ကိုယ်မပြင်နိုင်သေးတဲ့အချိန်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ တကယ့်ပြဌာန်းချက်တွေ ကို သေးသိမ်အောင်တော့ မလုပ်သင့်ဘူး။

အဲဒီတော့ နိုင်ငံရေးပါတီဥပဒေရဲ့ အသိအမှတ်ပြုမှုကို ငြိမ်းချမ်းရေးကိုယ်စားပြုမှုမှာ ငြင်းပယ်ခဲ့ တာပေါ့။ နောက်တစ်ခုက အချက်အလက်အရ အားလုံးက ထောက်စရာဖြစ်လာပြီ၊ ကိုယ်လွှတ်တော်ထဲမရောက်ခင် ကိုယ်ရွေးကောက်ပွဲ မ၀င်ခင်တုန်းက အားလုံးပါဝင် All inclusive လို့အော်ခဲ့တာ ဘယ်သူတွေလဲ။ အခု အဲလူတွေက လွှတ်တော်ထဲသူတို့ ရောက်လာတဲ့အခါကျတော့ အားလုံးပါဝင်ရေး ကို ပြန်ဖျက်တယ်ဆိုတော့ ဘာပဲပြောပြော နိုင်ငံရေးကို စစ်စစ်ပေါက်ပေါက် လေ့လာတဲ့သူတွေ နိုင်ငံရေးသုတေသီတွေ နိုင်ငံရေးကို ဒီနေ့မှ ထဲထဲဝင်ဝင် လုပ်ဖို့ ကြိုးစားနေတဲ့ လူငယ်တွေအဖို့ကတော့ မြန်မာပြည်နိုင်ငံရေးမှာ သင်ခန်းစာတစ်ခုရခဲ့တယ်။ ဘာလဲဆိုရင် ကိုယ်အာဏာမဲ့ ရင် တစ်မျိုးပြော၊ ကိုယ်အာဏာရှိရင် တစ်မျိုးပြော ရှေ့နောက်မညီတဲ့ ပြောတာမျိုးက မြန်မာ့နိုင်ငံရေးသမားတွေအတွက် တကယ့်သင်ခန်းစာယူစရာပဲလို့ ပြောရမယ့်အနေအထားရောက်လာပြီ။


အထူးသဖြင့် အခြေခံဥပဒေကို ပုံပန်းပျက် အောင် လုပ်တာမျိုးကိုတော့ ကျွန်တော်တို့ သတိပေးရမယ့်တာဝန် ဒါကတော့ တိုင်းပြည်ကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဒီမိုကရေစီကို အသွင်ကူးပြောင်းချင်တဲ့လူတိုင်းမှာ တာဝန်ရှိတယ်လို့ ယူဆတဲ့အတွက် ယနေ့ လူထုပုံရိပ်ကနေ ကျွန်တော် ပြောသင့်သလောက် ပြောလိုက်တာပါပဲ။


မြန်မာ့စစ်သွေး @ Facebook