Tuesday, August 27, 2013
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ သရုပ်ဆောင် လူမင်းနှင့် တွေ့ဆုံခြင်း
မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ သရုပ်ဆောင် လူမင်းနှင့် တွေ့ဆုံပြီး ဥက္ကဋ္ဌ သက်တမ်း နှစ်လကျော် ကာလအတွင်း ပထမဆုံး ကြုံတွေ့ရသည့် ၎င်းကို ထုတ်ပယ်ရန် ဆန္ဒပြတောင်းဆိုမှု များအပေါ် သူ့အမြင်၊ ရုပ်ရှင် အစည်းအရုံး၏ အပြစ်ပေး အရေးယူမှု များနှင့် ပတ်သက်ပြီး ဝေဖန်မှုများအပေါ် သူ့သဘောထား၊ အများပိုင် ရုပ်ရှင်ကုမ္ပဏီ ဖွဲ့စည်းရသည့် အကြောင်းအရင်းတို့ကို The Voice က မေးမြန်းထားခြင်း ဖြစ်သည်။
Voice ... ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌအဖြစ် ကိုလူမင်း တာဝန်ယူတဲ့ သက်တမ်း နှစ်လကျော် အတွင်းမှာ ပထမဆုံးကြုံတွေ့ရတဲ့ ဒီဆန္ဒပြမှုနဲ့ ပတ်သက်ပြီး ဘာပြောချင် ပါသလဲ။
  ကိုယ်တို့ နာယကကြီးတွေရော၊ ရှေ့မီနောက်မီ ဆရာကြီးတွေရော မေး စမ်းကြည့်ပြီးပြီ။ မြန်မာ့ ရုပ်ရှင်သမိုင်းမှာ တစ်ကြိမ်တစ်ခါမှ မရှိခဲ့ဖူး ဘူးပေါ့။ အဲဒီတော့ အခု စရှိပြီပေါ့။ နောင်တစ်ချိန် ကျတော့လည်း ဒီနေ့ဖြစ်စဉ်က ရုပ်ရှင် သမိုင်းရဲ့ စာမျက်နှာ တစ်ခု ဖြစ်မှာပေါ့။ ကိုယ့်အနေနဲ့ကတော့ ဘာမှထွေထွေ ထူးထူး ပြောဖို့ မရှိပါဘူး။ ဆန္ဒပြတယ် ဆိုတာလည်း လုပ်ထုံး လုပ်နည်းအရ သက်ဆိုင်ရာဆီ ခွင့်တောင်း၊ ခွင့်ပြုချက်ကျလို့ ပြတယ်ဆိုတော့ ဒါနိုင်ငံသားတိုင်း ရနိုင်တဲ့ အခွင့်အရေး တစ်ခုပဲလေ။ အဲ့ဒီအပေါ်မှာ ကိုယ့်သဘောထား အမြင်ကတော့ သဘောတူခြင်း၊ ကန့်ကွက်ခြင်း ဘာမှမရှိပါဘူး။ ဆန္ဒပြခွင့် ရှိတယ်။ ဆန္ဒဖော် ထုတ်ပါစေ။
Voice ... ရုပ်ရှင်လောကသားတွေရဲ့ တိုးတက်မှုအတွက် ကိုလူမင်း အပါအဝင် အမှုဆောင်အဖွဲ့က စွမ်းဆောင်ပေးနိုင်တဲ့ အရည်အချင်းမရှိလို့ ဆန္ဒထုတ်ဖော်တာလို့ ဆန္ဒပြတဲ့သူတွေက ပြောတယ်။ ဒီအပေါ်မှာ ကိုလူမင်း ဘာပြန်ပြောချင်လဲ။
  အခု ဒီလိုပြောလာတာက အနုပညာလောက တစ်လောကလုံးက ပြောတာလားဆိုတာ အစ်ကိုက သုံးသပ်ဆင်ခြင်ရမယ်။ တစ်လောကလုံးက ပြောလာတယ် ဆိုရင်တော့ ကိုယ်လည်းထိုင်နေစရာ အကြောင်းမရှိဘူး။ တစ်လောကလုံးကို ကိုယ်စားပြုရင် ကိုယ်ဖြေရှင်းချက် ပေးစရာအကြောင်း မရှိဘူးလေ။ တစ်လောကလုံးကို ကိုယ်စားပြုဖို့တော့ လိုတာပေါ့။
Voice .... ဝေဖန်တိုက်ခိုက်မှုတွေများတဲ့ အစည်းအရုံး ဥက္ကဋ္ဌနေရာကို ဘယ်လိုကြောင့် လက်ခံဖြစ်ခဲ့တာလဲ။
  ပြဿနာတွေ အများကြီး ရင်ဆိုင် ရလိမ့်မယ် ဆိုတာလည်း ကိုယ်သိတယ်။ ကိုယ်ကိုယ်တိုင်လည်း အလုပ်အားတဲ့ သူတစ်ယောက် မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်အနုပညာလောက အတွက် မို့လို့ပါ။ ကိုယ့်အတွက်မဟုတ်ဘဲ လောကအတွက် လုပ်တာဖြစ်တဲ့ အတွက် ကိုယ်ရင်းနှီးရတာတွေ အများကြီး ရှိပါတယ်။ ကိုယ့်အနုပညာလောက အတွက်မို့လို့ ကိုယ်ဒီလို ရင်ဆိုင်နေတာပါ။ ဒီလိုခေတ်ကြီးမှာ အခုလို ဖြစ်ရပ်မျိုး ကြုံတွေ့ရတယ်ဆိုတာ သိပ်တော့ မထူးဆန်းပါဘူး။ အတိုက်အခံ ဆိုတာ နေရာတိုင်းမှာ ရှိမှာပဲ။
Voice ....ဆု ဗီဒီယို ထုတ်လုပ်ရေးပိုင်ရှင် ဒေါ်စန်းစန်းမော်ကို ရန်ကုန်တိုင်း ဗီဒီယို အခြေခံအဖွဲ့ ဥက္ကဋ္ဌအဖြစ်ကနေ ထုတ်ပယ်လိုက်ရတဲ့ အကြောင်းအရင်း သိပါရစေ။
  ပြောရမှာ ဆိုရင်တော့ အများကြီးပဲ။ ခြုံပြီးပြောရရင်တော့ ကိုယ်တို့ ရုပ်ရှင် အစည်းအရုံးမှာလည်း ဖွဲ့စည်းပုံ စည်းမျဉ်းစည်းကမ်းဆိုတာ ရှိတယ်။ ကိုယ်သည် တစ်ဦးတစ်ယောက်တည်း ဆန္ဒနဲ့ ငါဥက္ကဋ္ဌပဲဆိုပြီး ဆုံးဖြတ်တဲ့ကိစ္စ မဟုတ်ဘူး။ ကိုယ်တို့ တစ်လောကလုံးက လေးစားရတဲ့ နာယကကြီးတွေ အားလုံးရဲ့ သဘောထားမှတ်ချက်တွေ ရှိတယ်။ ရုပ်ရှင်အစည်းအရုံးရဲ့ အမြင့်ဆုံး အဖွဲ့အစည်းဖြစ်တဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးရဲ့ အားလုံးတညီတညွတ်တည်း ဆုံးဖြတ်ချက်လည်း ဖြစ်တယ်။ ပြောရရင်တော့ အများကြီးပဲ။ ပြောဖို့က အချက်အလက်တွေနဲ့ ပြောမှရမယ်။ နာမည်ကြီးတပ်ပြီး ပြောနေရမှာဖြစ်တဲ့အတွက် ကိုယ်အဲဒီလိုတော့ မပြောချင်ပါဘူး။ သေချာတာတစ်ခုကတော့ ကိုယ့်ဆုံးဖြတ်ချက်အပေါ် ကိုယ်ယုံကြည်မှု ရှိတယ်။ ကိုယ့်အကြောင်းလည်း လောကသားတွေ သိပါ တယ်။ ကိုယ်က ရာထူးမက်စရာ အကြောင်းလည်းမရှိဘူး။ ငွေမက်စရာ အကြောင်းလည်း မရှိဘူး။ ကျော်ကြားမှုကို မက်စရာအကြောင်းလည်း မရှိဘူး။ ကိုယ်လုပ်နေတာ လောကအတွက်ပဲ။ ကိုယ့်အကြောင်းကို သိတဲ့လူကတော့ ကိုယ့်ဆုံးဖြတ်ချက်ကို နားလည်ပါလိမ့်မယ်။
Voice ... ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌနေရာက ပြန်ရွေးဖို့ ရှိတယ်လို့လည်း သိထားတယ်။ ကိုလူမင်းကရော အစည်းအရုံး ဥက္ကဋ္ဌအဖြစ် ဘယ်အချိန်လောက်အထိ တာဝန်ယူဖို့ စဉ်းစားထားလဲ။
  ကိုယ်အမှန်အတိုင်း ဝန်ခံရရင် နောက်သက်တမ်းဆိုတာကို မစဉ်းစားထားဘူး။ ကိုယ်ဥက္ကဋ္ဌ ဖြစ်လာတယ်ဆိုတာလည်း မလွှဲမရှောင်သာ၊ မဖြစ်မနေ ဒီတာဝန်ကို ကိုယ်ယူမှ ဖြစ်မယ်ဆိုတဲ့ အခြေအနေ ရောက်လာလို့သာ ကိုယ်ကလက်ခံပြီး ရယူလိုက်ရတာ။ ကိုယ့်စိတ်ထဲမှာ ဥက္ကဋ္ဌကြီး လုပ်မယ်ဆိုတဲ့ စိတ်လည်း ရှိမနေဘူး။ ဒါပေမဲ့ တစ်ခုရှိတာက လောကကောင်းစေချင်တဲ့ စိတ်တော့ ကိုယ့်မှာအပြည့်အဝ ရှိတယ်။ ဒါ မှန်သောသစ္စာပါ။ ကိုယ့်ထက် လောကအကျိုးကို ပိုလုပ်နိုင်တဲ့သူ၊ ဘယ်သူမဆိုပေါ့ ကိုယ်အမြဲတမ်း ဖိတ်ခေါ်တယ်။
Voice ....‘မမပြုံး ပြုံးစမ်းပါ’ ဇာတ်ကားကိစ္စနဲ့ ပတ်သက်ပြီး ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်ကို ရိုက်ကူးခွင့် သုံးလ ရပ်ဆိုင်းလိုက်တာရော ဘယ်သူတွေရဲ့ ဆုံးဖြတ်ချက်နဲ့လဲ။
 ဒါလည်း CEC အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ပဲ။ အဲဒါကလည်း ဒီလိုပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဝေဖန်သံတွေလည်း တော်တော်ကြားရပါတယ်။ အရင်အစိုးရလက်ထက်က ပိတ်ပင်တားဆီးမှုမျိုး ကိုယ်တို့လက်ထက်မှာလည်း လုပ်နေတယ်ပေါ့။ အပြင်ပန်းကြည့်ရင် ဒီဝေဖန်ချက်က မှန်ပါတယ်။ ဒါပေမဲ့ အဲ့ဒီနောက်မှာ ကိုယ်တို့ရဲ့ စေတနာတွေက အများကြီးရှိတယ်။ ကိုယ်ဆိုလိုတာက ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်ဆိုတာ နာမည်ပျက်လည်း မရှိဘူး။ အနုပညာအရလည်း သိက္ခာရှိတဲ့ အနုပညာသမား စစ်စစ်တစ်ယောက် နောက်တစ်ခု ကိုယ်တို့ အင်မတန်လေးစားရတဲ့ အချက်က ဒီ ‘မမပြုံး ပြုံးစမ်းပါ’ ဇာတ်ကားကိစ္စမှာ သူကလည်း ကြိုတင်ကြံစည်မှု မရှိဘဲ အမျိုးမျိုးသော အခက်အခဲတွေကြောင့် သူတစ်ချိန်က ရိုက်ခဲ့တဲ့ ဇာတ်ညွှန်းအဟောင်းကို ပြန်ရိုက်မိတာ။ ရိုက်တဲ့အချိန်မှာ တစ်ဖက်ကလည်း ရိုက်ပြီးသား ဖြစ်တဲ့အတွက် စာရေးသူအနေနဲ့ကလည်း ငွေကြေးနောက်ကိုလိုက်ပြီး ဟိုကိုရောင်း၊ ဒီကိုရောင်း လုပ်တယ် ဖြစ်မှာစိုးလို့ ကိုယ်တို့အစည်းအရုံးကို အကြောင်းကြားထားတာပဲ ရှိတယ်။ အဲ့ဒီ အပေါ်မှာ ဒါရိုက်တာက ဘယ်သူ့မှာမှ တာဝန်မရှိဘူး။ သူ့ရဲ့ပေါ့လျော့မှုကြောင့် သူ့မှာပဲ တာဝန်ရှိတယ်။ အဲဒီတော့ အပြစ်ပေးရင်လည်း ပေးပါ၊ အနုပညာ လုပ်ကိုင်ခွင့် ပိတ်ပင်ရင်လည်း ပိတ်ပင်ပါဆိုပြီး သူကိုယ်တိုင် သူ့ရဲ့အမှားတစ်ခုအတွက် တာဝန်ယူပြီး ကိုယ်တို့အစည်းအရုံးကို တောင်းဆိုလာတာ။
တကယ်တော့ ဒီခေတ်ကြီးမှာ ရေပန်းစားတဲ့ စကားလုံးတွေဖြစ်တဲ့ တာဝန်ယူခြင်း၊ တာဝန်ခံခြင်းဆိုတဲ့ စကားတွေကို လူတွေ လက်တွေ့ကျင့်ကြံနိုင်ဖို့ ခက်ပါလိမ့်မယ်။ ဒါပေမဲ့ ဒီဒါရိုက်တာက ကိုယ့်တာဝန် ကိုယ်အပြည့်အဝ ယူပြတာ။ အဲဒီအပေါ် ကိုယ်တို့က သုံးလရပ်စဲကြောင်း စာကို ထုတ်ပြန်လိုက်တာ။ စာထုတ်ပြန် လိုက်ပေမယ့်လည်း ကိုယ်ကိုယ်တိုင်ပဲ တစ်ဖက်ကားက ဒါရိုက်တာနဲ့ ထုတ်လုပ်သူကို ညှိနှိုင်းပေးပြီးသား။ ပြေလည်း ပြေလည်တော့မှာ။ ထုတ်လုပ်သူဘက်ကလည်း ငွေကြေးများစွာ ရင်းနှီးမြှုပ်နှံထားတဲ့ ကားတစ်ကားက ဒီအခက်အခဲလေး တစ်ခုကြောင့် အချိန်များစွာ ကြန့်ကြာတယ်ဆိုတဲ့ နစ်နာမှု ကလည်း ရှိတယ်။ အဲဒါကြောင့် ဒီစာကို ထုတ်ပြီးတာနဲ့ တစ်ဖက်ကလည်း ကိုယ်ကိုယ်တိုင် ညှိနှိုင်းဆွေးနွေးပြီးသား ဖြစ်တဲ့အတွက် ပြေလည်သွားတာနဲ့အတူ ဒီဇာတ်ကားကို ဘာမှတားဆီးစရာ မရှိဘူး။ Class Pass လုပ်ရုံပဲ။ ဒါရိုက်တာ ညွန့်မြန်မာညီညီအောင် ကိုလည်း သုံးလပိတ်ပင်ထားတာ ဖြေလျှော့လိုက်ရုံပဲ။ စာထုတ်လိုက်တာပဲရှိတာ။ ဘယ်သူမှ ထိခိုက်နစ်နာအောင်တော့ ကိုယ်တို့ မလုပ်ပါဘူး။
Voice .... ဒါဆို ‘မမပြုံး ပြုံးစမ်းပါ’ ဇာတ်ကားနဲ့ ပတ်သက်ပြီး ဒါရိုက်တာ ကြည်ဖြူသျှင်နဲ့ ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်ရဲ့ ဇာတ်ကား ဘယ်သူ့ကားက အရင်ထွက်ခွင့်ရမလဲ။
  ရှေ့မှာဖြစ်ခဲ့ဖူးတဲ့ အစဉ်အလာတွေအရ ဇာတ်လမ်းတွေ တူကြတယ်ဆိုတာ ဗီဒိယိုတွေက ဇာတ်လမ်းကြိုတင်စရာ မလိုဘူး။ ဇာတ်လမ်းတူတာတွေ၊ ဇာတ်လမ်း ထပ်တာတွေ ရှေ့မှာအများကြီးလည်း ဖြစ်ခဲ့ဖူးတယ်။ အဲ့ဒီလိုတူတာ၊ ထပ်တာဖြစ်လာခဲ့ရင် အရင်တုန်းကတော့ ဆင်ဆာနံပါတ်စောတဲ့သူက အရင်ဖြန့်။ ဖြန့်ပြီးတာနဲ့ နောက်ကားက ခြောက်လကြာမှ ဖြန့်ဆိုပြီး ရှေ့အစဉ် အဆက်မှာ လုပ်ခဲ့ဖူးတယ်။ အခုတချို့ ဗီဒီယိုကားတွေဆို နိုင်ငံခြားကားတွေကို မှီငြမ်းပြီး ရိုက်ကြတော့ ဇာတ်လမ်းချင်း တစ်ထပ်တည်းတူပြီး ထွက်တာမျိုးတွေ ရှိတယ်။ အဲ့ဒါကြောင့် နယ်ပရိသတ်တွေရဲ့ ဝေဖန်ခံရတာမျိုးတွေ ရှိတယ်။ ဒီကိစ္စကျတော့ ရိုက်တာကိုက မရှေးမနှောင်း၊ ရှေ့ဆင့် နောက်ဆင့်လေး သွားဖြစ်နေတယ်။ တစ်ဖက်ကားကလည်း သေသေချာချာ နည်းလမ်းတကျ ဝယ်ယူပြီး ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေမှာ ဖော်ပြပြီး ရိုက်ထားတာဆိုတော့ လုပ်နည်းလုပ်ဟန် မှန်မှန်နဲ့ ရိုက်ထားတာပေါ့။ ကိုညီညီအောင်ရဲ့ ကားကျတော့လည်း ရိုက်မယ့်ရက်ကျမှ ဇာတ်ညွှန်း နှစ်ပုဒ်လောက်နဲ့ အဆင်မပြေလို့ ကြိုတင် ကြံစည်မှုမရှိဘဲ သူလည်းရိုက်မယ် မထင်လို့ပေါ့နော်၊ တစ်ချိန်က ရိုက်ခဲ့တဲ့ ဇာတ်ကားကို ပြန်ရိုက်မိရင်း အလွဲအချော်လေးတစ်ခု ဖြစ်သွားတာပေါ့။
Voice .... ကိုလူမင်း အစည်းအရုံး ဥက္ကဋ္ဌ လက်ထက်မှာ သိသာထင်ရှားတဲ့ ကြိုးပမ်းမှုဖြစ်တဲ့ အများပိုင်ရုပ်ရှင်ကုမ္ပဏီ ဖွဲ့စည်းဖြစ်တဲ့ အကြောင်းအရင်းလေး သိပါရစေ။
  အဲဒါကလည်း ကိုယ်တို့ ဆောင်ရွက်နေဆဲပါပဲ။ လုပ်ဖြစ်တာကတော့ အစိုးရမူဝါဒ အပြောင်းအလဲတစ်ခု အပေါ်မှာ ကိုယ်တို့ လောကသားတွေ ရသင့်ရထိုက်တဲ့ဟာက ဒီလိုပုံစံနဲ့မှ ရနိုင်မယ့် အခြေအနေရှိလို့ ဆိုင်ရာဆိုင်ရာ တတ်ကျွမ်းနားလည်တဲ့ ပညာရှင်တွေရဲ့ အကြံဉာဏ်နဲ့ လုပ်တာပါ။ ကိုယ့်ရဲ့ Idea နဲ့ လုပ်တဲ့ အစီအစဉ် မဟုတ်ပါဘူး။
Voice ... ဒီအဖွဲ့အစည်းကို ဖွဲ့တဲ့အခါမှာ အားလုံးကို အကြောင်းမကြားဘဲ နီးစပ်ရာလူတွေနဲ့ ဖွဲ့လိုက်တယ်လို့ ဝေဖန်မှုတွေလည်း ရှိတယ်။ ဒီအပေါ်မှာရော ဘာပြောချင်ပါသလဲ။
  ဒါကအချိန်တိုတို အတွင်းမှာ အမြန်လုပ်ရမယ့် ကိစ္စဖြစ်တယ်။ လုပ်တယ် ဆိုတာလည်း လျှောက်လွှာတို့၊ ဖောင်တို့တင်တဲ့အဆင့်ပဲ ရှိသေးတယ်။ ပြီးရင်အားလုံးကို အသိပေးမှာ။ ဒါ လောကသားအားလုံး ပါဝင်ခွင့်ရမယ့် ကိစ္စမို့လို့လုပ်တာ။ အခုအချိန်မှာ လောကသားအားလုံး သိအောင် နှံ့စပ်အောင် ရှင်းပြပြီးမှ လုပ်မယ်ဆို ကိုယ်တို့နောက်ကျသွားလိမ့်မယ်။
Voice .... ဒီအများပိုင်ကုမ္ပဏီ ဖွဲ့ပြီးရင်ရော အနုပညာလောကအတွက် ဘယ်လို ကောင်းကျိုးတွေ ရနိုင်မယ်လို့ထင်လဲ။
  ကိုယ်တို့ရုပ်ရှင်အစည်းအရုံး ဆိုတာ NGO အဖွဲ့လေ။ NGO အဖွဲ့အနေနဲ့ လုပ်ပိုင်ခွင့်မရှိတဲ့ စီးပွားရေးဆန်တဲ့ ကိစ္စလိုမျိုးတွေ၊ နိုင်ငံခြားနဲ့ ဖက်စပ်လုပ်မယ့် ကိစ္စတွေကို လုပ်ခွင့်ရပြီးတော့ ကိုယ်တို့ လောကသားတိုင်း၊ ထုတ်လုပ်သူ၊ မင်းသား၊ မင်းသမီးကအစ၊ မီးထိုး၊ မှန်ထိုးတွေ အကုန်ခံစားနိုင်မယ့် အခွင့်အရေးမို့လို့ ဒီလမ်းကြောင်းကို ရွေးတာပါ။
Voice ... ရုပ်ရှင်အစည်းအရုံးကနေ နိုင်ငံခြားဇာတ်ကားတွေ တင်သွင်းပြသဖို့ လုပ်နေတယ်လို့ ကြားတယ်။ ဒီအကြောင်းလေး ပြောပြပေးပါဦး။
  ဒီကိစ္စအတွက် ကိုယ်တို့ကုမ္ပဏီတစ်ခုနဲ့ MoU ထိုးထားတာပေါ့နော်။ အဲဒါက ဘာလဲဆိုတော့ နိုင်ငံခြားကားတွေကို ကိုယ်တို့က တိုက်ရိုက်ဝယ်ယူခွင့်ရအောင် ကြိုးစားပေးတာ။ အဲဒီရည်ရွယ်ချက်က ကိုယ်တို့ဆီမှာ နိုင်ငံခြားကားတွေ ပြသဖို့ဆို နှစ်ဆင့်ခံလောက် ဝယ်ယူတင်သွင်းရတယ်။ တိုက်ရိုက်ဝယ်ယူခွင့်ရရင် တစ်အချက် ဈေးနှုန်းသက်သာမှုတွေ ရှိမယ်။ ပြီးတော့ အချိန်နဲ့ တစ်ပြေးညီ ကြည့်ရှုခွင့်ရတဲ့ အကျိုးကျေးဇူးတွေ၊ ပရိသတ်တွေ ခံစားရမယ်။ ငွေကြေးအားဖြင့်လည်း သက်သာမှုတွေရမယ်။ အဲဒီကရတဲ့ အကျိုးအမြတ် ၈၀ ရာခိုင်နှုန်းလောက်က လောကသားတွေ တိုးတက်ရာ၊ တိုးတက်ကြောင်းတွေဖြစ်တဲ့ ဒစ်ဂျစ်တယ် ရုပ်ရှင်ရုံတွေ ပေါ်လာဖို့၊ ဒစ်ဂျစ်တယ် ရုပ်ရှင်ကားတွေ ထွက်ဖို့၊ ပညာတော်သင်တွေ စေလွှတ်ဖို့ အဲဒီလိုကိစ္စတွေမှာ သုံးမယ်။ ဒီလို ကိုယ့်အနုပညာလောကအတွက် အကျိုးရှိမယ့် ကိစ္စတွေရှိလို့ လုပ်တာပါ။
Voice ။ ။ မြန်မာရုပ်ရှင်ကား တွေထက် နည်းပညာပိုင်း မြင့်မားပြီး ရိုက်ကူးမှုပိုင်းလည်း သာလွန်တဲ့ နိုင်ငံခြားဇာတ်ကားတွေကို နိုင်ငံတကာနဲ့ တစ်ပြေးညီ ပြသမယ်ဆိုရင် မြန်မာ့ရုပ်ရှင်လောက အပေါ် ဘယ်လိုထိခိုက်မှုတွေ ရှိလာနိုင်လဲ။
  မြန်မာ့ရုပ်ရှင်လောက ကျဆင်းတယ်ဆိုတာ ပြစရာရုံတွေ မရှိလို့ပါ။ ရုပ်ရှင်ရုံတွေ ပေါ်လာအောင် ရှင်သန်နိုင်အောင် လုပ်ရမယ်။ ရုပ်ရှင်ရုံတွေမှာ ပြစရာကားတွေ ရှိနေမှ ရုပ်ရှင်ရုံဆိုတာလည်း ရှိမယ်။ ကိုယ်တို့လုပ်တာက နိုင်ငံခြားကားဈေးကွက် ရှင်သန်ရေး လုပ်နေတာ မဟုတ်ဘူး။ မြန်မာရုပ်ရှင်တွေ ရှင်သန်ကြီးထွားရေးက နံပါတ်တစ်ပဲ။ အဲဒီဟာကို လုံးဝအထိခိုက် မခံဘူး။
Voice ... ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ တာဝန်ကိုလည်း ယူထားရတော့ သရုပ်ဆောင် ဘက်အပိုင်းကိုရော အချိန်ဘယ်လိုပေးဖြစ်လဲ။
  ကိုယ့်အနုပညာအလုပ် ကတော့ ကိုယ်အရင်လျှောက်ခဲ့တဲ့ ပုံစံအတိုင်းပါပဲ။ အစည်းအရုံးအလုပ်တွေ လုပ်သလို တစ်ဖက်ကလည်း ကိုယ့်အနုပညာဘက်ကို မလစ်ဟင်းအောင် ပိုပြီးတော့ ကြိုးစားပြီး လုပ်ပါတယ်။ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက် ဒါရိုက်တာတွေ၊ ထုတ်လုပ်သူတွေ အားလုံးက ကိုယ့်ကိုအများကြီး ကူညီကြပါတယ်။
Voice ... ကိုယ့်ရဲ့အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ ဇာတ်လမ်းမျိုးကျတော့ ဘယ်လိုရွေးဖြစ်လဲ။
  ထုတ်လုပ်သူနဲ့ တိုင်ပင်ပြီး ထုတ်လုပ်သူ ရွေးချယ်ပေးတဲ့ဇာတ်ကို ရိုက်တာလည်း ရှိတယ်။ ကိုယ်ကိုယ်တိုင် နှစ်ခြိုက်ပြီးတော့ ရွေးချယ်ပြီး ရိုက်တာမျိုးလည်း ရှိတယ်။ အဓိကကတော့ ကိုယ့်အသက်အရွယ်နဲ့ လိုက်ဖက်ဖို့ပါပဲ။
Voice ... ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီးတဲ့နောက်မှာ ကြုံတွေ့လာရတဲ့ ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး ကိုလူမင်း ပြောချင်တာရှိရင် ပြောပေးပါဦး။
 ရုပ်ရှင်သမိုင်းမှာ မကြုံဖူးတဲ့ အဖြစ်အပျက်တစ်ခုကို ကြုံရတာပေါ့။ ကိုယ့်အနေနဲ့ကတော့ အတိုက်အခံဆိုတာ ရှိမှာပဲဆိုတဲ့ သဘာဝတရားကို လက်ခံထားတယ်။ လူဆိုတာ အတိုက်အခံရှိမှ တိုးတက်တာလေ။ ဒါပေမဲ့ ကိုယ့်လောက တိုးတက်ရာ တိုးတက်ကြောင်းအတွက် ကိုယ်လုပ်နေတဲ့ အလုပ်တွေကိုလည်း ဒီကိစ္စတွေကြောင့်တော့ မရပ်တန့်နိုင်ဘူး။ ကိုယ်လုပ်စရာ ရှိတာတွေတော့ ဆက်လုပ်မှာပဲ။
အခုဆို BC နဲ့ပေါင်းပြီး နိုင်ငံတကာဆရာတွေ လာသင်တဲ့ ဇာတ်ညွှန်းသင်တန်း ကိုယ်ဖွင့်နေတယ်။ ဒါပြီးရင် ကွန်ပျူတာသင်တန်းတို့၊ သရုပ်ဆောင်သင်တန်းတို့ လောကသားတွေအတွက် ကိုယ်ဖွင့်ဦးမယ်။ ပြီးရင် ကင်မရာသမားတွေကို မလေးရှားကို ပညာတော်သင် စေလွှတ်ဖို့လည်းရှိတယ်။ ဆိုချင်တာကတော့ ကိုယ်လုပ်စရာ ရှိတာတွေတော့ လုပ်ဦးမယ်။ အခက်အခဲ ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းတာက တစ်ပိုင်းပဲ။ ကိုယ့်အနုပညာလောက တိုးတက်ရာ တိုးတက်ကြောင်းအတွက် လုပ်စရာ ရှိတာတော့ လုပ်ရမှာပဲ။ 
သန်.ဇင်ဦး @ The Voice  
Copy from Yoyarlay
ဆက်စပ် ဖတ်ရှုရန်...ဇာဂနာ ညွန့်မြန်မာ ညီညီအောင် နဲ. မစပ်စု....လူမင်း ရင်ဆိုင်ရနိုင်တဲ. ဆန္ဒပြပွဲ        ရုပ်ရှင်အစည်းအရုံး ပထမဆုံးကြုံရတဲ့ ဆန္ဒပြပွဲ 
.
Burmese Python (or ) အောင်လဆန်း
ဘားမိစ်ပိုင်သွန်ဆိုတဲ့ နာမည်ကို တစ်ကမ္ဘာလုံး မသိတဲ့သူ မရှိသလောက်ပါဘဲ။ အမေရိကန် နိုင်ငံထဲမှာ ဆိုရင်တော့ ဘားမိစ်ပိုင်သွန်ဆိုတဲ့ နာမည်ကို ကြားလိုက်ရုံနဲ့ လမ်းသွားနေတဲ့ လူတွေရဲ့ခြေလှမ်းတွေ တုံ့ခနဲ ရပ်သွားကြမှာပါ။ ဒီနာမည်ဟာ အဲဒီလောက်ထိ အရှိန်အ၀ါ ကြီးမားလွန်းလို့ ဒီဆောင်းပါးရဲ့ ခေါင်းစဉ်ကို "မြန်မာစပါးအုံး" လို့ အမည်မပေးဘဲ ဘားမိစ်ပိုင်သွန်လို့ အမည်ပေးလိုက်ရတာ ဖြစ်ပါတယ်။
ဘားမိစ်ပိုင်သွန်ရဲ့ မူလဇာတိမြေဟာ တောင်အာရှနဲ့ အရှေ့တောင်အာရှ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီမြွေဟာ မွေးရပ်ဇာတိမှာ နာမည်မကြီးဘဲ အမေရိကားမှာ နာမည်သွားကြီး နေပါတယ်။ နာမည်ကြီးဆို ဒီမြွေဟာ တဖြည်းဖြည်းနဲ့ အခြားတိရစ္ဆာန်တွေကို သာမက လူသားတွေကိုပါ အန္တရာယ်ပေးစ ပြုလာနေပြီကိုး။ လွန်ခဲ့တဲ့ လေးနှစ်လောက်တုန်းက အမေရိကန်တောင်ပိုင်းက ဖလော်ရီဒါပြည်နယ်မှာ အိမ်မှာမွေးထားတဲ့ ဘားမိစ်ပိုင်သွန် တစ်ကောင်ဟာ ညအချိန် သူ့ကိုထည့်ထားတဲ့ သံတိုင်ကီထဲက လွတ်ထွက်လာပြီး မြွေပိုင်ရှင်ရဲ့ နှစ်နှစ်သမီးလေးကို ညှစ်သတ်သွားခဲ့ပါတယ်။ နောက်ပြီး ၂၁.၅.၁၃ ရက်နေ့က အဲဒီဖလော်ရီဒါ ပြည်နယ်မှာပဲ ဖမ်းမိတဲ့ ဘားမိစ်ပိုင်သွန် တစ်ကောင်ဟာ ၁၈ ပေအရှည်ရှိပြီး ရင်ကိုခွဲလိုက်တဲ့အခါ အထဲမှာ သမင်တစ်ကောင် မျိုထားတာကို တွေ့ရပါတယ်။
အစတုန်းကတော့ ဖလော်ရီဒါမှာ ဒီမြွေအမျိုးအစားတွေ မရှိပါဘူး။ သူ့ရဲ့အရေခွံဟာ အင်မတန်မှ လှပပြီး အရောင်ကလည်း ဆွဲဆောင်မှု ရှိလွန်းတဲ့အတွက် အမေရိကန်တွေဟာ ဒီမြွေတွေကိုဝယ်ပြီး အိမ်မှာအလှမွေး ခဲ့ကြပါတယ်။ အဆိပ်မရှိတဲ့အတွက် ဂရုစိုက်စရာ မလိုဘူးလို့ ခပ်ပေါ့ပေါ့ သဘောထားပြီး မွေးမြူခဲ့ကြခြင်းကလည်း ပြဿနာရဲ့ အရင်းခံ တစ်ခုပါပဲ။ ဒီမြွေဟာ အလွန်ဖွံ့ထွားနှုန်း မြန်တဲ့အတွက် အိမ်မှာအကောင် သေးသေးလေး ၀ယ်မွေးပြီး ကောင်းကောင်းကျွေးထား လိုက်မယ်ဆိုရင် တစ်နှစ်အတွင်းမှာ ခုနစ်ပေအထိ ရှည်လာနိုင်ပါတယ်။ အသက်လေးနှစ်အရွယ်မှာ ၁၂ ပေအထက်ထိ ရှည်လာနိုင်ပြီး သက်တမ်းကလည်း နှစ်ပေါင်းနှစ်ဆယ်ကျော်ထိ ရှိနိုင်တယ်လို့ ဆိုကြပါတယ်။ ဘားမိစ်ပိုင်သွန်ဟာ ရေကူးအင်မတန်မှ ကျွမ်းကျင်ပြီး ရေအမြဲရှိနေတဲ့ နေရာမျိုးနားမှာသာ နေထိုင်လေ့ ရှိပါတယ်။ ဒါ့ကြောင့် မြက်ခင်းပြင်စိမ့်မြေ၊ ရွှံ့တော၊ ကျောက်တောင်တွေရဲ့ ခြေရင်း၊ သစ်တောထူထပ်တဲ့ နေရာနဲ့ မြစ်ဘေးတွေမှာ သူ့ကိုတွေ့ကြရပါတယ်။ ဒီမြွေဟာ သစ်ပင်လည်း တက်နိုင်တဲ့အပြင် သူ့ရဲ့အမြီးနဲ့ ခန္ဓာကိုယ်ဟာ သားကောင်ကို ရစ်ပတ်ပြီး ညှစ်သတ်တဲ့နေရာမှာ ကြောက်ခမန်းလိလိ စွမ်းအားကြီးမား ပါတယ်။
အရင်တုန်းကတော့ ဖလော်ရီဒါ ပြည်နယ်မှာ ဒီမြွေမျိုးတွေ မရှိခဲ့ပါဘူး။ လူတွေက ဒီမြွေတွေကို အလှမွေးလာရင်း နောက်တော့ သူတို့ကိုထားဖို့ သံတိုင်ကီတွေ ဆောက်လုပ်ရတာက ဈေးကြီး၊ အစားကြီးတဲ့ ဒီမြွေကို ကျွေးရမွေးရတဲ့ နေရာမှာလည်း အကုန်အကျက များသမို့ ဆက်မမွေးနိုင်ကြတော့ဘဲ သင့်တော်ရာ ရေစပ်နွံစပ်တွေနားမှာ သွားလွှတ်ကြရာက မမျှော်လင့်ဘဲ ပြဿနာ တက်ခဲ့ရတော့ တာပါပဲ။ ဘာ့ကြောင့်လဲဆိုတော့ သာမန်အားဖြင့် မြွေဆိုတာ တစ်နှစ်တစ်ခါ ဥလေ့ရှိပြီး ဒီမြွေအမျိုးအစား အမတစ်ကောင်ရဲ့ အသိုက်ထဲမှာ အများဆုံး တွေ့ခဲ့ရဖူးတဲ့ မြွေဥအရေအတွက်က ၈၃ လုံးတောင် ရှိတာဆိုတော့ ဘယ်လောက် အပွားမြန်လိုက်မလဲဆိုတာ စဉ်းစားလို့တောင် မကြည့်ရဲပါဘူး။ ဒါ့ကြောင့်လည်း အခုဖလော်ရီဒါ ပြည်နယ်မှာ ဒီမြွေမျိုး တစ်သိန်းရှစ်သောင်းလောက်တောင် ရှိနေပြီလို့ ဆိုပါတယ်။ ဒီမြွေတွေ ဆက်မပွားနိုင်အောင် တားဆီးကာကွယ်ရေး အဖွဲ့တွေကို ဖွဲ့ကြရပါတယ်။ ကြွက်တွေဖမ်းပြီး နောက်ကျောပေါ်မှာ အသံလွှင့် ကိရိယာတွေ တပ်ပေးကြပါတယ်။ နောက်ဒီကြွက်ဟာ အချိန်တိုအတွင်း ခရီးတစ်မိုင်လောက် ပေါက်နေတာကို တွေ့ရပါတယ်။ နောက်အဲဒီအသံလွှင့်နေတဲ့ နေရာလိုက်သွားပြီး ဖမ်းမိတဲ့ ဘားမိစ်ပိုင်သွန် တစ်ကောင်ရဲ့ရင်ကို ခွဲကြည့်တဲ့အခါ အထဲမှာ အဲဒီကြွက်ကို ပြန်တွေ့ရလို့ ရင်မောကြရပါတယ်။ ဒီမြွေဟာ ငှက်မျိုးစုံ၊ ရှဥ့်၊ တောကြောင်၊ ၀ံအငယ်စား၊ ကြွက်၊ ခရု၊ သမင်နဲ့ ငါးပေအရှည်ရှိတဲ့ မိကျောင်းငယ်ကအစ အကုန်စားပါတယ်။ ဖလော်ရီဒါမှာ ရှိသမျှအကောင် အကုန်ကုန်တာပါပဲ။ ဒါ့ကြောင့် ဘားမိစ်ပိုင်သွန် ချောက်အိပ်မက်တွေ မက်နေကြရပြီး အခုဘားမိစ်ပိုင်သွန် တစ်ကောင်ကို အလှမွေးတာမိရင် ထောင်ဒဏ်ခုနစ်နှစ်၊ ဒါမှမဟုတ် အမေရိကန်ဒေါ်လာ ငါးသိန်းဒဏ်ရိုက်ဖို့အထိ တချို့သတ်မှတ်ထားတဲ့ နေရာတွေမှာ အမိန့်တွေ ထုတ်ထားရပါပြီ။
လက်ရှိ အခြေအနေမှာ ကိုယ့်နိုင်ငံ ဘယ်လိုအခြေအနေမှာပဲ ရှိနေရှိနေ တစ်နေ့နေ့ တစ်ချိန်ချိန်ရောက်ရင် ဘားမိစ်ပိုင်သွန်ကို လူတွေမထီမဲ့မြင် မပြုရဲကြသလို ကိုယ့်နိုင်ငံသားတွေကို အများက အထင်ကြီးလေးစား ကြရတဲ့ ဘ၀မျိုးကို ရောက်လာလိမ့်မယ်လို့ ရင်ထဲမှာ အာရုံရနေ မိတာကတော့ အမှန်ပါပဲ . . . . .
အခု မြွေမဟုတ်တဲ့ ဘားမိစ်ပိုင်သွန်တစ်မျိုး အမေရိကားမှာ ပေါ်လာပြန်ပါတယ်။ အဲဒါကတော့ MMA (Mixed Martial Arts) လို့ခေါ်တဲ့ ခြောက်မြှောင့်ပုံသဏ္ဌာန် သံဆန်ခါဝိုင်း အတွင်းမှာ ငါးမိနစ်သုံးချီ သူသေကိုယ်သေ အနိုင်ထိုးသတ်ရတဲ့ ပွဲမျိုးတွေမှာ ထိုးသတ်ရတဲ့ လက်ဝှေ့သမား တစ်ဦးပါပဲ။ သူ့ကို လူတွေက "ဘားမိစ်ပိုင်သွန်" လို့ အသိများကြပြီး သူ့မူရင်း နာမည်ကတော့ "အောင်လဆန်း" (Aung La Nsang) ဖြစ်ပါတယ်။ အောင်လဆန်းဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မွေးဖွားခဲ့သူပါ။ အသက် ၂၈ နှစ်ရှိပြီး အရပ် ၆ ပေ ၁ လက်မ ကိုယ်အလေးချိန် ၁၇၅ ပေါင် ရှိပါတယ်။ အောင်လဆန်းဟာ လွန်ခဲ့တဲ့ ၁၁ နှစ်က အမေရိကားကို ရောက်လာပြီး ၁.၅.၂၀၀၅ ရက်နေ့က အဲဒီလို ကြေးစားလက်ဝှေ့ပွဲမျိုးကို စတင်ထိုးသတ် ခဲ့တာပါ။ ၂၁ ပွဲ ထိုးရာမှာ ၁၃ ပွဲနိုင်ပြီး ရှစ်ပွဲရှုံးတဲ့စံချိန် ရှိခဲ့ပါတယ်။ ၁၇.၈.၂၀၁၃ မှာ "ရှက်ဒရစ်ဂွတ်ဒရစ်ခ်ျ" (Shedrick Goodridge) လို့ခေါ်တဲ့ အမေရိကန် နိုင်ငံသား အာဖရိကနွယ်ဖွား တစ်ဦးနဲ့ ယှဉ်ပြိုင်ထိုးရတော့မယ်ဆိုတာ သိလိုက်ရတော့ သြဂုတ်လ ၁၆ ရက်နေ့ညမှာ ကိုယ်အိပ်လို့တောင် မပျော်ခဲ့ပါဘူး။ ဂွတ်ဒရစ်ခ်ျဟာ အောင်လဆန်းထက် အသက်ငါးနှစ်ငယ်ပြီး အရပ်တစ်လက်မ ပိုရှည်တဲ့အပြင် နှစ်ပေါင်လည်း ပိုလေးပါတယ်။ ဂွတ်ဒရစ်ခ်ျပုံကိုကြည့်ပြီး ကိုယ့်လူရှုံးတောင်မှ မြင်မကောင်း ရှုမကောင်းလောက်အောင် သွေးသံရဲရဲ ပက်ပက်စက်စက်နဲ့တော့ မရှုံးပါစေနဲ့လို့ ဆုတောင်းခဲ့မိတာ အမှန်ပါ။ ဘာ့ကြောင့်လဲဆိုတော့ ဒီလက်ဝှေ့ပွဲမျိုး ကြည့်ရတာ တစ်ခါတစ်ခါ အမဲပေါ်တဲ့ နေရာနား ရောက်သွားသလို ခံစားရတတ်လို့ပါပဲ။
Photo by ဧရာဝတီ
တခြားနိုင်ငံကို ကိုယ်စားပြုပြီး ထိုးနေတာ ဖြစ်ပေမယ့် သူဟာကိုယ့်နိုင်ငံသား ကချင်တိုင်းရင်းသား လူရွယ်တစ်ဦးဆိုတော့ သူ့အပေါ် သံယောဇဉ် မဖြစ်ဘဲ ဘယ်နေနိုင်လိမ့်မတုံး။ နောက်ပြီးသူက အမေရိကားမှာ နာမည်ကြီးတဲ့ ဘားမိစ်ပိုင်သွန်ဆိုတဲ့ နာမည်ကို ယူထားတဲ့သူလေ။ ကြော်ငြာထဲမှာလည်း ရင်ဘတ်မှာ ဘားမိစ်ပိုင်သွန်ဆိုတဲ့ စာတမ်းပါတဲ့ အင်္ကျီကြီးနဲ့။ နောက်က သူ့အဖွဲ့သားတွေကလည်း အဲဒီစာတမ်းမျိုးပါတဲ့ ဆိုင်းဘုတ်တွေကို လက်ထဲမှာ ကိုင်ထားကြလို့။
တကယ်ထိုးတော့ ဒုတိယအချီ တစ်မိနစ်နဲ့ လေးဆယ့်လေးစက္ကန့်မှာပဲ အောင်လဆန်းဟာ ပြိုင်ဘက်ကို အနိုင်ရရှိ သွားပါတယ်။ ပြိုင်ဘက်ရဲ့ နောက်ကျောဘက်ကနေပြီး မေးအောက်က လည်ပင်းကို လက်နှစ်ဖက်နဲ့ အသေညှစ်ထားရတဲ့ နည်းမျိုးနဲ့ ပြိုင်ဘက်ကို အနိုင်ရသွားတာပါ။ ဒီသတ်ကွက်မျိုးကို သူအင်မတန် ပိုင်ပါတယ်။ နောက်ကနေ တစ်ဖက်လူရဲ့ခါးကို ခြေထောက်နှစ်ဖက်နဲ့ခွပြီး ချုပ်ထားနိုင်ဖို့ အရင်ကြိုးစား ရတာပါ။ ပြီးတော့ ပြိုင်ဘက်က အရှုံးပေးရတဲ့အထိ ပြိုင်ဘက်ရဲ့ လည်ပင်းကို နောက်ဘက်ကနေ လက်နှစ်ဖက်နဲ့ စပါးအုံး တစ်ကောင်လို အသေညှစ်ထားရတာ ဖြစ်ပါတယ်။ ပြိုင်ဘက်က မခံနိုင်တော့လို့ သူ့ခန္ဓာကိုယ်ကို ပဲဖြစ်ဖြစ် ကိုယ့်ခန္ဓာကိုယ်ကိုပဲဖြစ်ဖြစ် ကြမ်းပြင်ကိုပဲဖြစ်ဖြစ် လက်ဝါးနဲ့ပုတ် အချက်ပြတဲ့ အချိန်ဟာ ပွဲသိမ်းတဲ့ အချိန်ပါပဲ။ အခုတစ်ခါမှာလည်း ဂွဒ်ဒရစ်ခ်ျဟာ ဖလော်ရီဒါပြည်နယ်က ပေ ၂၀လောက် အရှည်ရှိတဲ့ ဘားမိစ်ပိုင်သွန်တစ်ကောင် သူ့နောက်ကျောပေါ် ရောက်သွားသလို ခံစားသွားရ ရှာပါတယ်။ အောင်လဆန်းဟာ ဒီပုံစံမျိုးနဲ့ပဲ ပြိုင်ဘက်အပေါ် အများဆုံး အနိုင်ယူခဲ့တာပါ။ ဘားမိစ်ပိုင်သွန်လို ပြိုင်ဘက်ကိုညှစ်ပြီး အနိုင်ယူတာမျိုးကို လူတွေက သဘောကျလွန်းလို့ သူဖွင့်ထားတဲ့ လက်ဝှေ့သင်တန်းကို လာတက်နေသူတွေ တစ်ရာနီးပါးလောက်တောင် ရှိနေပြီလို့ သိရပါတယ်။ အောင်လဆန်းနဲ့ ဂွဒ်ဒရစ်ခ်ျတို့ ယှဉ်ပြိုင်တဲ့ပွဲကို ကိုယ်တိုင်မကြည့်ရပေမယ့် အဲဒီအချိန်မှာ ပရိသတ်ကြီးက "ဘားမိစ်ပိုင်သွန်.. ဘားမိစ်ပိုင်သွန်..." လို့ ဘယ်လောက်များ အော်ဟစ်အားပေး နေကြမလဲဆိုတာ မျက်စိထဲမှာ မြင်ယောင်နေမိပါတယ်။
အားကစားဟာ လူမျိုးတစ်မျိုးရဲ့ စိတ်ဓာတ်ကို အများဆုံး မြှင့်တင်ပေးနိုင်တဲ့အရာ ဖြစ်ပါတယ်။ နိုင်ငံတကာ အားကစားလောက တစ်နေရာမှာ ကိုယ့်နိုင်ငံကို ကိုယ်စားပြုတဲ့ ထူးချွန်သူ အားကစားသမားတစ်ယောက် ပေါ်လာဖို့ဆိုတာ မလွယ်ပါဘူး။ အောင်လဆန်းဟာ အခုလက်မှတ်ထိုးထားခဲ့တဲ့ နှစ်နှစ်စာချုပ် သက်တမ်းကုန်ရင် မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ထိုးတော့မယ်ဆိုတာ သိရလို့ ၀မ်းသာရပါတယ်။
Aung La Nsang vs. Jesus Martinez    Photo by sherdog
အခုလက်ရှိ အခြေအနေမှာ ကိုယ့်နိုင်ငံ ဘယ်လိုအခြေအနေမှာပဲ ရှိနေရှိနေ တစ်နေ့နေ့ တစ်ချိန်ချိန်ရောက်ရင် ဘားမိစ်ပိုင်သွန်ကို လူတွေမထီမဲ့မြင် မပြုရဲကြသလို ကိုယ့်နိုင်ငံသားတွေကို အများက အထင်ကြီးလေးစား ကြရတဲ့ ဘ၀မျိုးကို ရောက်လာလိမ့်မယ်လို့ ရင်ထဲမှာ အာရုံရနေ မိတာကတော့ အမှန်ပါပဲ။
မြန်မာလူမျိုးဟာ ပင်ကိုသဘာဝ အကျင့်စရိုက်အရ ခြောက်ပြစ်ကင်းသဲလဲစင်တော့ မဟုတ်ပါဘူး။ ချို့ယွင်းချက် အားနည်းချက်တွေ ရှိပါတယ်။ ဒါပေမဲ့ အစွမ်းအစလည်း ရှိပါတယ်။ တစ်ခါတစ်ရံများဆိုရင် ကျန်တဲ့လူ အတော်များများထက်တောင် သာပါပေတယ်ဆိုတဲ့ လုပ်ဆောင်မှုတွေလည်း ရှိပါတယ်။ ချို့ယွင်းချက် အားနည်းချက် ရှိတယ်ဆိုတဲ့ အထဲမှာ အကြောင်းအရာ တစ်ခုကို ဂဃနဏ အသေးစိတ် နားလည်အောင် လုပ်ဆောင်တဲ့ နေရာမှာတော့ အတော်အားနည်းတယ်လို့ ပြောရပါမယ်။ အကြောင်းအရာ ကိစ္စတစ်ခုကို အသေအချာ အရင်မလေ့လာ မစူးစမ်းဘဲ လုပ်ငန်းကို အလျင်စလို စချင်တဲ့စိတ်တွေက သိပ်များနေပါတယ်။ အခုတလော ဒီလိုကိစ္စမျိုးတွေ နေရာတော်တော် များများမှာ တွေ့နေရလို့ သတိထားမိတာပါ။ နိုင်ငံကို အခြေခံအုတ်မြစ် ခိုင်မာအောင် စတင်ကြိုးစားနေတဲ့ ကာလမှာ ဒီအားနည်းချက်ကို သဘောပေါက်ပြီး ပြုပြင် လိုက်ကြမယ်ဆိုရင်ဖြင့် တစ်နေ့မှာ ဘားမိစ် ပိုင်သွန်ဟေ့လို့ ဆိုလိုက်တာနဲ့ အသံကြား တဲ့လူတွေရဲ့ ခြေလှမ်းတွေ တုံ့ခနဲဖြစ်သွား ကြမှာ အသေအချာပါပဲ။
Written by နီမင်းဆွေ  Saturday, 24 August 2013 18:23  
Sunday, August 25, 2013
နိုင်ငံတော် ဘာသာနေ. နှင်. ၀ါးခယ်မ မြို.လေး၏ အစီအစဉ် အချို.
နိုင်ငံတော်ဘာသာပြဌာန်းခဲ့သည့်နေ့ရက်မှာ ၁၃၂၃ ခုနှစ်၊၀ါခေါင်လပြည့် (1961  - August - 26  )စနေနေ့ဖြစ်ပါသည် ။ထို ဥပဒေတွင် ရေးသားထားသည်မှာ
နိုင်ငံတော်ဘာသာ ပြဌာန်းသည့်ဥပဒေ
၁၉၆၁ ခုနှစ်၊ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ(တတိယပြင်ဆင်ချက်) အက်ဥပဒေ။ပုဒ်မ ၂၁၊ပုဒ်မခွဲ ၁ အစားထည့်သွင်းရမည့်စာသား.. ပုဒ်မခွဲ(၁) ဗုဒ္ဒသာသာ သာသနာတော်သည် နိုင်ငံတော် ၏ နိုင်ငံသား အများဆုံး ကိုးကွယ်ရာ ဘာသာကြီးဖြစ်သည့် အားလျော်စွာ နိုင်ငံတော်ဘာသာ သာသနာ ဖြစ်စေရမည်။
Photo by Aung Myint ( SS Avenue)
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါဝင်သည့်စာသား။
ပုဒ်မ ၃၆၁ -နိုင်ငံတော်သည် ဗုဒ္ဓဘာသာ သာသနာနိုင်ငံတော်ကို နိုင်ငံ၏ နိုင်ငံသားအများဆုံး ကိုးကွယ် ရာဖြစ်သောဂုဏ်ထူးဝိသေသနှင့်ပြည်စုံသည့် ဘာသာသာနာဖြစ်သည်ဟု နိုင်ငံတော်က အသိအမှတ်ပြု သည်။
နိုင်ငံတော်ဘာသာ အက်ဥပဒေကို 
၂၆-၈-၁၉၆၁   တွင်ကျင်းပသော ပြည်ထောင်စုအစိုးရ၊လွှတ်တော်နှစ်ရပ် တွဲဖက်ညီလာခံအစည်းအဝေး တွင် ထောက်ခံမဲ၃၂၄မဲ၊ကန့်ကွက်မဲ ၂၈ မဲဖြင့် အတည်ပြုပြဌာန်းနိုင်ခဲ့သည်။
ထိုသို.ပြဋ္ဌာန်းနိုင်ရန် အစဉ်အဆက် ကြိုးစား ခဲ့ကြပုံများမှာ
By Maythu Soe
 လွတ်လပ်ရေးအကြိုကာလ အင်္ဂလိမ်အစိုးရ ခေတ်ကပင် မြန်မာတိုင်းရင်းသား၊ ရဟန်းရှင်လူ အပေါင်းတို့က
ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာြ
ပဌာ်းရေးအတွက် နိုးဆော်ဆောင်ရွက်ခဲ့ကြသည်။
ပထမဆုံး၁၉၄၇ ခုနှစ်  မေလ ဂျူဗလီဟော ဖ-ဆ-ပ-လ ပဏာမညီလာခံတွင် အာဇာနည်ခေါင်းဆောင်ကြီး ဒီးဒုတ်ဦးဘချိုက လွတ်လပ်ရေးရသည့် အခါတွင် ဗုဒ္ဓဘာသာကို နီင်ငံတော်ဘာသာအဖြစ်ပြဌာန်းသင့်ကြောင်း အဆိုတင်သွင်းခဲ့သည်။
 ၁၉၅၁ ခုနှစ် ဒီဇင်ဘာ ၂၆ ရက် တွင် ပြည့်သူ့လွှတ်တော်၌ ပါလီမန်အမတ် ဒေါ်ခင်လှ (စမ်းချောင်း)က ပြည်ထောင်စုမြန်မာနိုင်ငံကို ဗုဒ္ဓဘာသာအဖြစ် အတိအလင်းကြေညာပေးပါရန် အဆိုတင်သွင်းခဲ့သည် ။ပါလီမန်အမတ် ဗိုလ်ခင်မောင်က ထောက်ခံသည်။ သာသနာရေးဝန်ကြီးဦးဝင်းက ကန့်ကွက်သဖြင့် အတည်မပြုနိုင်ခဲ့။
သို.နှင်. ၁၉၅၅   ခုနှစ်တွင် သံမဏိဦးဝင်းမောင်နှင့် သခင်ဘသောင်း တို့ တည်ထောင်သော ရီပတ်ဘလစ်ကင် ပါတီ၊ ၁၉၅၈ ခုနှစ်တွင် ဆာအမ်အေမောင်ကြီး အပါအ၀င် နိုင်ငံရေးသမားကြီးကိုးဦးပါဝင်သော The Buddhist Democratic Party နှင့်၁၉၅၉ တွင် သီပေါမင်း၏ တတိယ သမီးတော် အသျှင်ထိပ်စုမြတ်ဘုရား နာယက အဖြစ် ဆောင်ရွက်သော နိုင်ငံတော်ဘာသာဖြစ်မြောက်ရေးအဖွဲ့တို့က နိင်ငံတော် ဘာသာ ပြဌာန်းနိုင်ရေး ဆောင်ရွက်ခဲ့ကြသည်။
Photo by Kozaw Lin
၁၉၆၀ တွင် နိုင်ငံတော်ဘာသာပြဌာန်းရေးဆိုင်ရာ အကြံပေးအဖွဲ့ နှင့် စုံစမ်းရေးကော်မရှင်များ ကိုဖွဲ့စည်းခဲ့သည်။၁၉၆၁ခုနှစ်၊သြဂုတ်လ ၁၇ ရက်တွငိ နိုင်ငံတော်ဘာသာ အက်ဥပဒေကြမ်းကို ၀ါးခယ်မသား နိုင်ငံတော်ဝန်ကြီးချု့ပ်ဦးနု က လွတ်တော်တွင် တင်သွင်းခဲ့သည်။
၁၉၆၁ခုနှစ်၊ သြဂုတ်လ ၂၆ရက်တွင် လွှတ်တော်နှစ်ရပ်တွင် မဲခွဲဆုံးဖြတ်အတည်ပြုကာ သမ္မတ အိမ်တော် တွင် မွန်းလွဲ ၁နာရီအချိန် သမ္မတဦးဝင်းမောင် က အခမ်းအနားဖြင့် လက်မှတ်ရေး ထိုးပြဌာန်းခဲ့ပါသည်။
ထို လက်မှတ်ရေးထိုး ပြဋ္ဌာန်းနိုင်ခဲ့သော နေ.ကို ဗုဒ္ဓဘာသာနေ. အဖြစ် သတ်မှတ် ဂုဏ်ပြု ကျင်းပကြခြင်းဖြစ်သည် ။
ယခုနှစ်မှစ၍ နိုင်ငံတော်ဘာသာနေ.ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင်.ပြန်လည် ကျင်းပကြခြင်းဖြစ်သည်။
ထိုသို.ကျင်းပရာတွင် အမျိုးဘာသာ သာသနာနှင်. နိုင်ငံတော်ကို မြတ်နိုးတန်ဖိုးထား၍ ကာကွယ်စောင်.ရှောက်လိုစိတ်များ ထက်သန်စေရန် ...ယဉ်ကျေးသော ဘာသာတရား အဆုံးအမများကို လိုက်နာ၍ ကုသိုလ်ကောင်းမှုများကို ဆောင်ရွက်နိုင်ကြစေရန် ....ဗုဒ္ဓဘာသာ ၀င်များ၏ စည်လုံးညီညွတ်သော စိတ်ဓါတ်အင်အားကို မေတ္တာ တရားဖြင်.တည်ဆောက်၍ ဘာသာအချင်းချင်း လေးစားသော ငြိမ်းချမ်းရေး ဖော်ဆောင်ရန် ဟူသော ၇ည်ရွယ်ချက်များဖြင်. ကျင်းပကြခြင်းဖြစ်သည် ။
မြို.ရွာများတွင် သာသနား.အလံများ လွှင်.တင်ခြင်း ..ကြော်ငြာ ဆိုင်းဘုတ်များချိတ်ဆွဲခြင်း ၊စိုက်ထူခြင်း ( အချို.နေရာများတွင် ဦးနု ၊ဦးဝင်းမောင်တို.၏ ပုံများပါ ထည်.သွင်း စိုက်ထူခြင်း )..ကုသိုလ်ကောင်းမှုများ အထူးပြုလုပ်ကြခြင်းတို.ဖြင်. ၂၆ ရက် ၈ လ ၂၀၁၃ တွင်ကျရောက်မည်. ၅၂ကြိမ်မြောက် နိုင်ငံတော်ဘာသာနေ. ကို ကြိုဆို ကျင်းပနေကြသည် ။
Photo by Maung Maung
 ယနေ.မနက်အစောပိုင်းက သာသနာ.မာမက အဖွဲ.၀င်များက သကျမဟာသီရိ ဘုရားကြီးအတွင်း ဆွမ်းဆက်ကပ်လှုဒါန်းမှုများဖြင်. မွန်မြတ်သော လုပ်ဆောင်ဖွယ်တို.ကို စတင်ခဲ့ပါသည် ။မနက် ၇ နာရီ မှစ၍ နောင်တော်ကြီး တန်ဆောင်းတွင် ၀တ်အသင်းအဖွဲ.များက ပရိတ် ပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ခြင်းများပြုလုပ်ခဲ့ပါသည် ။ ထို.အပြင် မြို.တွင်း လမ်းများတွင် သဒ္ဓမ္မ၀ံသ ရက္ခိတ အသင်းမှ ဦးဆောင်၍ သာသနာ.အလံများ စိုက်ထူခြင်းတို.ပြုလုပ်ခဲ့ပါသည်။ ထို.အပြင် ယနေ.နေ.လည်ပိုင်းတွင် မြသိန်းတန် ဘုရားလမ်းတွင် စတုဒိသာ ကျွေးမွေးလှုဒါန်းမှုများ ပြုလုပ်ခဲ့ပါသည် ။မွန်းလွဲ ၃ နာရီတွင် မနက်ဖြန် အစီစဉ်များအတွက် အသေးစိပ် အကြိုညှိုနှိုင်း ခြင်းများပြုလုပ်ခဲ့ကြပါသည် ။ ယနေ. ညနေ ၆ နာရီမှစ၍  မနက်ဖြန် (၂၆-၈-၂၀၁၃) မနက် ၆နာရီထိ ရဟန်းသံဃာတော်များက ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ခြင်းများ ပြုလုပ်မည်ဖြစ်ပါသည် ။
ယနေ.မနက် သာသနာ. မာမက အဖွဲ.၏ အလှုတော်
 ၂၆ -၈ -၂၀၁၃ နေ.မနက် အာရုဏ်ဆွမ်း ဆက်ကပ်လှုဒါန်းမှုကို အလှုရှင် တစ်ဦးက ဦးဆောင်၍ အများကောင်းမှုဖြင်. ဆက်ကပ်လှုဒါန်းမည် ဖြစ်ပါသည် ။ မနက်ပိုင်းမှစ၍ ထိုနောင်တော်ကြီးတန်ဆောင်းအတွင်းတွင်ပင် ၀တ်ရွတ်အသင်းတို.က ပရိတ် ၊ ပဋ္ဌာန်း ရွတ်ဖတ် ပူဇော်ပွဲ အစီအစဉ် ကို ဆက်လက်ကျင်းပမည်ဖြစ်သည် ။ကျေးငှက်များ ဘေးမဲ့လွှတ်ခြင်းကဲ့သို. အစီအစဉ်များလည်း ပါဝင်မည်ဖြစ်သည်။ထိုနေ. နေ.လည် ၃ နာရီတွင်နိုင်ငံတော်ဘာသာနေ. အထိမ်းအမှတ် အစည်းအဝေးကို ရဟန်းသံဃာတော်များ ၊ လူထု ပရိသတ်များ စုပေါင်းကျင်းပမည်ဖြစ်ပါသည် ။ထိုအစည်းအဝေးပြီးဆုံးသည်နှင်. မြို.တွင်းတွင် မြသိန်းတန် ဘုရားလမ်း ၊ ပဏ္ဍိတာရုံကျောင်းရှေ. ၊ သဒါကြည်ဖြူ ဆွမ်းလောင်းမဏ္ဍပ်ရှေ. ၊ မြို.မကျောင်းရှေ. ၊ မြို.တစ်ဖက်ကမ်း ရွာသစ်ရပ်ကွက် တို.တွင် ဘာသာနေ.အထမ်းအမှတ် စတုဒိသာ ကျွေးမွေးပွဲများ ၊ နိဗာန်ဈေးများ ဖွင်.လှစ် ကောင်းမှု ကုသိလ်ပြုကြမည်ဖြစ်ပါသည်။ ထို.နောက် ညနေ ၅ နာရိခန်.မှစ၍ မြို.သူမြို.သား ၇ ရက်သားသမီးများ ၊ မြန်မာနိုင်ငံသူ/နိုင်ငံသားများ ၊ ကမ္ဘာသူ/သား များ အေးချမ်းစေ၇န် ၊ ဘေးအန္တရာယ် ကင်းဝေးစေရန် အတွက် ရဟန်းသံဃာတော်များမှ မြို.အတွင်း မော်တော်ကားဖြင်. လှည်.လည်၍ အန္တရာယ်ကင်း မေတ္တာသုတ် ရွတ်ဖတ်ခြင်းနှင်. မေတ္တာပို. ရွတ်ဆိုခြင်းများ ပြုလုပ်မည်ဖြစ်ပါသည် ။